News

POST TYPE

NEWS

ရန်ကုန်မြစ်အတွင်း တစ်နှစ် အမေရိကန်ဒေါ်လာ ငါးသန်းသုံးပြီး သောင်တူးမည်
18-May-2018 tagged as ရန်ကုန် မြစ်

ရန်ကုန်၊ မေ ၁၇

နေ့စဉ်သင်္ဘောစီးရေ သုံးရာခန့်ဝင်ထွက်နေသော ရန်ကုန်မြစ်ကြောင်းအတွင်း သောင်တူးခြင်းလုပ်ငန်းကို တစ်နှစ်အမေရိကန်ဒေါ်လာ ငါးသန်းအသုံးပြုမည်ဖြစ်ပြီး ယခုနှစ် ဧပြီလမှစ၍ သောင်တူးဖော်နေပြီဖြစ်ကြောင်း မြန်မာဆိပ်ကမ်းအာဏာပိုင် ရေကြောင်းဌာနထံမှ သိရသည်။

ရန်ကုန်မြစ်အတွင်း ရေစူး ၉ မီတာရှိ သင်္ဘောများ ဝင်/ထွက်နိုင်ရန် သောင်တူးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သောင်တူးဖော်နေသည့် REEN ISLAND သောင်တူး သင်္ဘောမှ အထွေထွေမန်နေဂျာ ဦးဘုန်းခိုင်ရွှေက ပြောကြားသည်။

“လက်ရှိက ရေအတက်ကို အားကိုးပြီး သင်္ဘောတွေ အတက်အဆင်းလုပ်ရတာဖြစ်တဲ့အတွက် သောင်တူးပြီးသွားရင်တော့ အဆင်ပြေသွားမယ်။ လုပ်ငန်းကတော့ ဇွန်လကုန်လောက်မှ ပြီးမယ်လို့ မှန်းထားတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြစ်အတွင်း ရေစူးအနက် ၉ မီတာရှိ သင်္ဘောကြီးများ ဝင်ထွက်နိုင်ရန် ခွင့်ပြုထားသော်လည်း ရေလမ်းကြောင်း တဖြည်းဖြည်း တိမ်ကောလာမှုကြောင့် ဒီရေတက်ချိန်ကို စောင့်ပြီး ဝင်ထွက်သွားလာနေရသဖြင့် မျှော်မှန်းထားသလောက် ခရီးတွင်မှု အားနည်းလျက်ရှိသည်။

“ဒီလုပ်ငန်းဆောင်ရွက်ဖို့ စီစဉ်နေတာတော့ တစ်နှစ်ခွဲလောက်ရှိပြီ။ ရန်ကုန်မြစ်ပေါက်ရဲ့ အဝမှာရှိတဲ့ အပြင်စည်းခုံနဲ့ မြစ်အတွင်းက အတွင်းစည်းခုံကို နှစ်နေရာတူးမယ်။ တူးဖော်တာကိုတော့ မြေပြင်အခြေအနေနဲ့ ချိန်ညှိပြီးတော့ ဆောင်ရွက်ရမှာပါ” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြစ်အတွင်း သောင်တူးခြင်းလုပ်ငန်းကို အပြင်စည်းခုံနေရာတွင် စတင်တူးဖော်လျက်ရှိပြီး မတူးဖော်ခင်က ရေစူးအနက် ၃ ဒသမ ၅ မီတာခန့်သာရှိပြီး ရေစူးအနက် ၅ မီတာအထိသာ တင်ကျန်ရန် တူးဖော်မည်ဖြစ်ကြောင်း၊ အတွင်းစည်းခုံနေရာကိုလည်း ရေစူးအနက် ၄ ဒသမ ၇ မီတာအထိ တူးဖော်မည်ဖြစ်ကြောင်း ဦးဘုန်းခိုင်ရွှေထံမှ သိရသည်။

ရန်ကုန်မြစ်အတွင်းရှိ ဆိပ်ကမ်းများကို ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအဖြစ် အဓိကဆောင်ရွက်မှုများ ရှိနေပြီး ဝင်ရောက်ဆိုက်ကပ်မည့် နိုင်ငံခြားသင်္ဘောကြီးများ ပိုမိုအဆင်ပြေရန်နှင့် ပိုမိုတန်ချိန်ကြီးမားသည့် သင်္ဘောများဆိုက်ကပ်နိုင်ရန် ယင်းသို့ တူးဖော်ခြင်းဖြစ်ကြောင်း ရေကြောင်းအင်ဂျင်နီယာတစ်ဦးက ဆိုသည်။

လက်ရှိ ရန်ကုန်မြစ်အတွင်း သွားလာနေသော ရေအနက်မှာ ကိုးမီတာအထိရှိနေပြီး ရန်ကုန်ဆိပ်ကမ်းတွင် ဆိပ်ခံတံတား ၂၆ စင်းနှင့် သီလဝါဆိပ်ကမ်းတွင် ဆိပ်ခံတံတား ၁၂ စင်းအထိရှိနေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ထံမှ သိရသည်။