News

POST TYPE

NEWS

ရခိုင်ပြည်နယ် အကြံပေးချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဒုတိယအစီရင်ခံစာ ယခုလကုန်ထွက်မည်
ရန်ကုန်၊ မေ ၁၇

ရခိုင်ပြည်နယ် အကြံပေးချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ ဒုတိယအကြိမ်မြောက် အစီရင်ခံစာတစ်စောင်ကို ယခုလကုန် (မေလ) တွင် ထွက်ရှိမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီဥက္ကဋ္ဌ တာဝန်ယူထားသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

အဆိုပါ အစီရင်ခံစာမှာ လေးလအတွင်း ရခိုင်ပြည်နယ်အတွင်း အစိုးရ၏ လုပ်ဆောင်ခဲ့သော ဆောင်ရွက်ချက်များ ပါဝင်မည်ဖြစ်ပြီး ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်ကို အစိုးရက အချက်မည်မျှ ပြီးစီးမည်ကို အစီရင်ခံစာတွင် ဖော်ပြထားမည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ထို့ပြင် အစီရင်ခံစာတွင် အဓိကအားဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးကိစ္စရပ်များ၊ ပဋိပက္ခ ကင်းဝေးရေးကိစ္စရပ်များ ပါဝင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မေလကုန်မှာထွက်မှာ၊ မကုန်ခင် ထွက်ရမှာပေါ့။ အခုနောက်ပိုင်း ဆက်လုပ်နေတဲ့ဟာတွေပဲ ဒီလေးလအတွင်းမှာ ဘာတွေလုပ်နေလဲ ဘာတွေအောင်မြင်ပြီးသွားပြီလဲဆိုတာ။ အရင်က လုပ်ခဲ့တဲ့အချက်တွေပါပဲ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာကိုယ်စားလှယ်က မိန့်ခွန်းပြောကြားရာတွင်လည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကိုဖီအာနန် ကော်မရှင် အကြံပြုချက် ၈၈ ချက်အနက် အချက် ၅၇ ချက်ကို အကောင်အထည်ဖော် ပြီးစီးတော့မည်ဖြစ်ပြီး ၃၁ ခုကို ဆက်လက် ဆောင်ရွက်ဆဲဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အစိုးရ၏ ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် လက်ခံလုပ်ဆောင်နေခြင်းသည် ကြိုဆိုရမည့်ကိစ္စရပ်ဖြစ်ပြီး ရှေ့ဆက်၍လည်း အရှိန်တိုးမြှင့် လုပ်ဆောင်သွားရန် တိုက်တွန်းလိုကြောင်း ကိုဖီအာနန် ကော်မရှင်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအေးလွင်က သုံးသပ်ပြောဆိုသည်။

“အစိုးရက လုပ်နေတာ တွေ့တယ်၊ အဓိကက အကြံပေးချက်တွေကို လက်ခံတယ်။ လုပ်နေတယ်ဆိုတာတွေ့တော့ ဆက်ပြီးလည်း လုပ်သွားမယ်လို့ ကတိပြုထားတဲ့စကားကိုက ကြိုဆိုရမယ့်ကိစ္စရပ်ပါ။ အခြေအနေ အရပ်ရပ်ပေါ်မှာမူတည်ပြီး လုပ်ဆောင်နေရတဲ့အတွက် ထပ်ပြီး ကြိုးစားပြီးလုပ်ဖို့ လိုနေသေးတယ်လို့ မြင်ပါတယ်”ဟု ၎င်းကဆိုသည်။

ကိုဖီအာနန်ကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး အစီရင်ခံစာကို အကောင်အထည်ဖော်ရန် အကောင်အထည်ဖော်ရေး ကော်မတီတစ်ရပ်ကို အစိုးရက ပြီးခဲ့သည့် ၂၀၁၇ စက်တင်ဘာလက ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် ဒေါက်တာဝင်းမြတ်အေးနှင့် ပူးတွဲဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက တာဝန်ယူကာ အစိုးရအဖွဲ့ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ ပထမအကြိမ် အစီရင်ခံစာကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

J-08