News

POST TYPE

NEWS

တက္ကသိုလ် ၁၁ ခုကို တိုက်ရိုက်လျှောက်ထားခွင့်ပြု
17-May-2018

ရန်ကုန်၊ မေ ၁၇

ရန်ကုန်နှင့် မန္တလေးရှိ တက္ကသိုလ် ၁၁ ခုကို ကျောင်းဝင်ခွင့် တိုက်ရိုက် လျှောက်ထားခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

ယခုနှစ် မတ်လက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများ အဆိုပါ တက္ကသိုလ် ၁၁ ခုသို့ ကျောင်းဝင်ခွင့် တိုက်ရိုက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

တိုက်ရိုက် လျှောက်ထားခွင့်ပြုမည့် တက္ကသိုလ်များမှာ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် နည်းပညာတက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တို့ ဖြစ်သည်။

မန္တလေးတိုင်းတွင် မန္တလေးတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မန္တလေး ကွန်ပျူတာတက္ကသိုလ်တို့ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

ကျောင်းဝင်ခွင့်ကို တိုက်ရိုက်ခွင့်ပြုသည့် တက္ကသိုလ်များက မိမိတို့မူဝါဒအရ တက်ရောက်မည့်ကျောင်းသားကို ရွေးချယ်နိုင်မည်။ အချို့တက္ကသိုလ်များက ဝင်ခွင့် ရေးဖြေ၊ နုတ်ဖြေ နှစ်မျိုးစလုံး ရှိမည်ဖြစ်သကဲ့သို့ အချို့တက္ကသိုလ်များက ရေးဖြေသာရှိမည်။

ပြီးခဲ့သည့်နှစ်အထိ တက္ကသိုလ်ဝင်ခွင့်ကို အဆင့်မြင့်ပညာဦးစီးဌာနထံလိပ်မူကာ ပေးပို့ရပြီး ယင်းဌာနက အမှတ်ဖြင့်ပြန်ခွဲကာ တက္ကသိုလ်ကို ချထားပေးခြင်းဖြစ်သည်။ ယခုနှစ်တွင်မူ မိမိနှစ်သက်ရာ တက္ကသိုလ်ကို ဝင်ခွင့်တင်ကာ လျှောက်ထားနိုင်မည်။

အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက “အခုက သူတို့ အမှတ်မီတယ်ဆိုရင် ရန်ကုန်တက္ကသိုလ်ပဲလျှောက်လျှောက်၊ မန္တလေးတက္ကသိုလ်ပဲလျှောက်လျှောက် သူတို့ပုံစံနဲ့ဖြည့်ပြီး သူတို့ပုံစံနဲ့ရွေးမှာ”ဟု ပြောကြားသည်။

ဆရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ထိုသို့ တိုက်ရိုက်လျှောက်ထားခွင့်ပြုခြင်းသည် ကိုယ်ပိုင် လုပ်ပိုင်ခွင့်ပေးလိုက်ခြင်းဖြစ်၍ ကြိုဆိုသော်လည်း လက်တွေ့တွင် အခက်အခဲများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဝင်ခွင့်စာမေးပွဲ ရေးဖြေ သို့မဟုတ် နုတ်ဖြေကို တက္ကသိုလ်တစ်ခုနှင့် တစ်ခု ရက်မတူအောင်ခြားပြီး သတ်မှတ်ကျင်းပပေးလျှင် ကျောင်းသား၊ ကျောင်းသူများ အတွက် ဝင်ရောက်ဖြေဆိုနိုင်ရန် အခွင့် အရေးပိုများမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

ယုဇနဥယျဉ်မြို့တော်မှ ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးရွှေဌေးက ထိုသို့ တိုက်ရိုက်လျှောက်ထားခွင့်ပြုပြီး ဝင်ခွင့်ဖြေဆိုရလျှင် ကျောင်းသား၊ ကျောင်းသူ များအတွက် စိန်ခေါ်မှုပိုရှိပြီး အရည်အချင်း ပိုအားကောင်းစေမည်ဖြစ်ကြောင်း မှတ်ချက် ပြုသည်။ 

ဝင်ခွင့်အတွက် ပြင်ပမှ သင်တန်း များပေါ်ပေါက်လာလျှင်လည်း တက္ကသိုလ် ဝင်ခွင့်အတွက် အထောက်အကူပြုနိုင်မည်ဟု ယူဆကြောင်း၊ ၎င်းတို့တက္ကသိုလ်တက်စဉ် ၁၉၈၁ ခုနှစ်ခန့်က ဝင်ခွင့်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရကြောင်း ၎င်းကပြောဆိုသည်။

ရန်ကုန်တက္ကသိုလ်ဆရာ၊ ဆရာမများသမဂ္ဂ ပြန်ကြားရေးမှူး ဒေါက်တာဦးမင်းကျော်သူက “ဒါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် (Autonomous)ကိုသွားဖို့ ခြေလှမ်းတွေ ပြင်နေတာဆိုတော့ ကြိုဆိုရမယ့် အပြောင်းအလဲလို့ မြင်ပါတယ်”ဟု ပြောကြားသည်။

ရန်ကုန် တက္ကသိုလ်အနေနှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် လျှောက်လွှာပုံစံကို အင်တာနက်မှတစ်ဆင့် ဒေါင်းလုဒ်ရယူကာ ဖောင်ဖြည့်၍ စာတိုက်မှတစ်ဆင့် ရန်ကုန်တက္ကသိုလ်သို့ လိပ်မူ၍ လျှောက်လွှာပေးပို့နိုင်ရန် စီစဉ်နေကြောင်း ၎င်းကပြောဆိုသည်။

ဝင်ခွင့်ရပါက လိုအပ်သော အချက်အလက်များနှင့် စာရွက်စာတမ်း အားလုံးကို ယူဆောင်ကာ ကျောင်းသားကိုယ်တိုင် လူတွေ့ အင်တာဗျူး လာရောက်ဖြေဆိုရမည့် အစီအစဉ်ကို စီစဉ်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယခုကဲ့သို့ စတင် ပြောင်းလဲခြင်းသည် ကျောင်းသားများ စိတ်ဝင်မှုများသည့် တက္ကသိုလ်များကို ကနဦး ရွေးချယ်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကျန်တက္ကသိုလ်များကို ဆက်လက် ပြောင်းလဲမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနထံမှ သိရှိရသည်။

ဝင်ခွင့်သတ်မှတ်ချက်များ၊ လျှောက် ထားရမည့်ပုံစံများကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင်လည်းကောင်း၊ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးမှ လည်းကောင်း နောက်ပိုင်းတွင် ထုတ်ပြန် ပေးသွားမည်ဟု ယင်းဌာနထံမှ သိရှိ ရသည်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၈၊ ပုဒ်မခွဲ (ခ) တွင် တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို သင်ယူသူ ကိုယ်တိုင် ရွေးချယ်လျှောက်ထားခွင့်ရှိရန် ဖော်ပြထားသည်။ 

ထိုသို့ ဝင်ခွင့် လျှောက်ထားရာတွင် တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာ အထက်တန်း စာမေးပွဲရမှတ်ဖြင့်သာ ဆုံးဖြတ်ခြင်းမဟုတ်ဘဲ တက်ရောက်လိုသည့် တက္ကသိုလ်၏ ပဋိညာဉ်စာတမ်းနှင့်အညီ သတ်မှတ်ထားသော တက္ကသိုလ် ဝင်ခွင့်စနစ်ကို ကျင့်သုံးရန် ဖော်ပြထားသည်။

ထို့ပြင် ပုဒ်မခွဲ (ဃ)တွင်လည်း အဆင့်မြင့်ပညာကျောင်းများသည် ပညာရေးဆိုင်ရာ လုပ်ငန်းများကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရှိရမည်ဖြစ်ကြောင်း ထပ်မံ ဖော်ပြထားသည်။

အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်၌ တစ်နိုင်ငံလုံးတွင် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ နည်းပညာ၊ ကွန်ပျူတာ၊ ပညာရေး၊ ဘာသာစကား တက္ကသိုလ်ပေါင်း ၁၃၃ ကျောင်း ရှိသည်။ 

J-19