News

POST TYPE

NEWS

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး စစ်ဆေးရေးကောင်တာ ၁၀ ခုတိုးချဲ့
17-May-2018


ရန်ကုန်၊ မေ ၁၇

နိုင်ငံကူး လက်မှတ်လုပ်သူများ ကြန့်ကြာမှုမရှိစေရန် စစ်ဆေးရေး ကောင်တာ ၁၀ ခု ယခုနှစ်ဆန်းမှ စတင် တိုးချဲ့လိုက်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု မြန်ဆန်စေရန် စလစ်ဖြတ်၊ ဓာတ်ပုံရိုက်၊ လက်ဗွေတိုက်စစ်ဆေးရေး အပါအဝင် စစ်ဆေးရေးကောင်တာ ၁၀ ခုကို တိုးချဲ့လိုက်ခြင်းဖြစ်သည်။

“လ.ဝ.က အနည်းဆုံး နှစ်မိနစ် ကြာမယ်။ ဒါက အထောက်အထား မှန်တဲ့သူကို ပြောတာ။ ဒီဘက် ဓာတ်ပုံရိုက်တဲ့ ကောင်တာမှာ လုံးဝ အမှားအယွင်းမရှိတဲ့သူဆိုရင် လေးမိနစ် ကြာမယ်။ တန်းစီချိန် အနည်းဆုံး ဖြစ်အောင်တော့ ကောင်တာတွေ အများကြီး တိုးချဲ့ပေးထားတာပေါ့။ လူတွေက တန်းစီရတယ်ဆိုတာ လူတစ်ယောက် လေးမိနစ်ဆိုရင် ကိုယ်ရှေ့မှာ လူများသလောက်နှုန်းနဲ့ ကြာသွားတာပေါ့”ဟု ၎င်းကဆိုသည်။

လက်ရှိနေ့စဉ် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ နှစ်ထောင်ကျော်ရှိပြီး စာအုပ်အမြန်ထုတ်ပေးနိုင်ရန် လ.ဝ.က စစ်ဆေးရေးကောင်တာ ၁၂ ခု၊ ပတ်စ်ပို့သက်တမ်းတိုး ကောင်တာတစ်ခုနှင့် မျက်ကြည်လွှာ မှတ်တမ်းယူသည့် ဓာတ်ပုံရိုက်စစ်ဆေးရေးကောင်တာ အပါအဝင် စုစုပေါင်း ကောင်တာ ၁၀ ခုကို တိုးချဲ့ပေးခဲ့ခြင်းကြောင့် ယခုအခါ ကောင်တာ ၂၃ ခုအထိ ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးထံမှ သိရသည်။

ယင်းအပြင် အဆိုပါရုံးအပြင်ဘက်တွင် လူဦးရေ ရာချီ၍ တန်းစီစောင့်ဆိုင်းမှု မဖြစ်စေရန် ယင်းရုံးရှိ ဗဟို လုံခြုံရေးကင်းရုံးပါ ဖျက်သိမ်းခဲ့ပြီး အဆောက်အအုံကို အလျား ၁၀၅ ပေနှင့် အနံ ၃၅ ပေအထိ တိုးချဲ့ခဲ့သဖြင့် ကောင်တာများအလိုက် လူဦးရေ ၅၀၀ နှင့် ၇၀၀ ကြားခန့် စနစ်တကျ တန်းစီနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးထံမှ သိရသည်။

“တန်းစီ စောင့်ရတာတော့ အချိန်က ကြာသေးတယ်။ မနက် ၇ နာရီခွဲက လာစောင့်နေတာ ငါးနာရီလောက် စောင့်ပြီးမှ အဆင်ပြေတယ်။ ဒါတောင် နောက်ဆုံးအဆင့် ပတ်စ်ပို့ စာအုပ်ထုတ်ဖို့ တစ်ခေါက် ပြန်ဝင်ရဦးမယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်နေ ကိုစည်သူထွန်းကဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် လူကိုယ်တိုင် လာရောက် စောင့်ဆိုင်းသည့် စနစ်အပြင် အွန်လိုင်းစနစ်ဖြင့် ပူးတွဲ လုပ်ဆောင်နိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရုံးထံမှ သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ပြည်နယ်နှင့် တိုင်းအပြင် နယ်စပ်ဒေသများဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်းမြို့များ၌ ရုံး ၁၉ ရုံး ဖွင့်ပေးထားသော်လည်း MoU လက်မှတ်ထိုးမှုနှင့် နိုင်ငံတကာ သံရုံးများ အခြေစိုက်ဖွင့်ထားသည့် ရန်ကုန်မြို့တစ်ခုတည်းတွင်သာ လာရောက်ပြုလုပ်မှု အများဆုံး ရှိနေကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးထံမှ သိရသည်။

J-17