News

POST TYPE

NEWS

ကံပေါက်လျှပ်စစ် စီမံကိန်းပြီးပါက ကရင်နှင့်တနင်္သာရီတွင် ဓာတ်အား အပြည့်အဝရမည်ဟုဆို
17-May-2018

ဘားအံ၊ မေ ၁၆

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသအတွင်း LNG ဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းပြီးစီးပါက ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းကို ဖော်ဆောင်မည့် TOTAL E&P MYANMAR ကုမ္ပဏီထံမှသိရသည်။

အဆိုပါစီမံကိန်းသည် တနင်္သာရီတိုင်းဒေသမှတစ်ဆင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ကို ဖြတ်သန်းပြီး ပဲခူးတိုင်းရှိ မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်မည်ဖြစ်ပြီး ယင်းစီမံကိန်းဖြတ်သန်းသွားသည့် ဒေသများတွင် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှသိရသည်။

“လျှပ်စစ်ဓာတ်အားလိုင်းဖြတ်သွားမယ့် ဒေသတစ်လျှောက်ကိုတော့ ပြီးခဲ့တဲ့ စီမံကိန်းမှာပေးခဲ့တဲ့ နှုန်းထားတွေ လုပ်ထုံးလုပ်နည်းတွေကို အခြေခံပြီးတော့ ဒီထက်ပိုကောင်းအောင် ရည်ရွယ်ထားတယ်။ ရရှိတဲ့ဓာတ်အားကို ပြည်တွင်းရောင်းဖို့ပဲ ရည်ရွယ်ထားပါတယ်။ မဟာဓာတ်အားလိုင်းပေါ်ကို ပို့လွှတ်မှာဆိုတော့ ဒီဓာတ်အားလိုင်း ဖြတ်သန်းသွားတဲ့ ကရင်ပြည်နယ်အတွက်လည်း လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိမှာပါ”ဟု တိုတယ်-မြန်မာ ကုမ္ပဏီ လူထုဆက်ဆံရေးတာဝန်ခံ ဒေါက်တာအောင်ဇော်ဝင်းက ပြောကြားသည်။

ယခုလက်ရှိအခြေအနေတွင် လျှပ်စစ်စက်ရုံအတွက် နယ်ပယ်သတ်မှတ်ခြင်း အစီရင်ခံစာကို ရေးဆွဲပြီးနောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ ပို့ထားပြီး ယင်းနှင့်ပတ်သက်ပြီး ခွင့်ပြုချက်ကျလာပါက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်သည့် အစီရင်ခံစာ (EIA)၊ လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်သည့် အစီရင်ခံစာ (SIA) တို့ ဆန်းစစ်လေ့လာခြင်းများကို စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကြာအင်းဆိပ်ကြီးဒေသက လက်နက်ကိုင်နယ်တွေရှိတဲ့အတွက် သူတို့ရဲ့ သဘောတူညီချက်လိုမယ်။ ဓာတ်အားလိုင်းက ဓာတ်အားများတယ်ဆိုတော့ ဖြတ်သန်းရာဒေသတစ်လျှောက် ဒေသခံတွေအတွက် နည်းနည်းတော့စိုးရိမ်မိတယ်၊ လိုင်းကြိုးဖြတ်သန်းရာ ဒေသတစ်လျှောက် ပတ်ဝန်းကျင်မှာရှိတဲ့ လူထုကိုတော့ သေသေချာချာ အသိပေးဖို့လိုအပ်မယ်”ဟု ဘားအံမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးစောအောင်ကျော်ဦးက ပြောကြားသည်။

အဆိုပါစီမံကိန်းတွင် လျှပ်စစ်လိုင်းကြိုးကို တနင်္သာရီတိုင်း ကန်ပေါက်မှတစ်ဆင့် မွန်ပြည်နယ် ရေးမြို့နယ်အထိ၊ ထိုမှတစ်ဆင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အထိ၊ ထို့နောက် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှတစ်ဆင့် ဘားအံမြို့နယ်အတွင်းမှ သထုံမြို့သို့ဖြတ်သန်းပြီး ပဲခူးတိုင်းရှိ မဟာဓာတ်အားလိုင်းသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်မည်ဖြစ်ကြောင်း Total Myanmar  ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ LPG ဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်းကို သုံးနှစ်စီမံကိန်းအဖြစ် တိုတယ်-မြန်မာ (TOTAL E&P MYANMAR) ကုမ္ပဏီနှင့် ဆီးမန်း-မြန်မာ (SIEMENS AG) ကုမ္ပဏီတို့မှ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းစီမံကိန်းစတင်နိုင်ရေး လူထုအကြံပြုလွှာနှင့် စစ်တမ်းကောက်ယူခြင်းများ လုပ်ဆောင်နေကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။

R-17

  • VIA