News

POST TYPE

NEWS

စကားနိုင်လုပြောဆိုကြရာမှ ရဲတင်းနှင့် ခုတ်
17-May-2018 tagged as လှိုင်သာယာ

ရန်ကုန်၊ မေ ၁၆ 

လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မေလ ၁၅ ရက် ည ၁၀ နာရီခန့်က အရက်အတူတူ ထိုင်သောက်ပြီး စကားနိုင်လုပြောဆိုရာက ရန်ဖြစ်ကာ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို အိမ်ရှင် အမျိုးသားက ရဲတင်းနှင့်ခုတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းရပ်ကွက်၊ ပီမိုးနင်း (၁၂) လမ်းတွင်နေထိုင်သူ ဦးအောင်မျိုးဝင်းသည် ယင်းနေ့က အလုပ်အတူတူလုပ်ကိုင်သူ ကိုဝင်ဌေး၏နေအိမ်သို့သွားရောက်ပြီး အရက်အတူတူသောက်ကာ တစ်ဦးနှင့်တစ်ဦး စကားနိုင်လုပြောဆိုရာက စကားများ ရန်ဖြစ်ပြီး အိမ်ရှင်ဖြစ်သူ ကိုဝင်ဌေးက ရဲတင်းဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရဲတင်းနှင့်ခုတ်ခံရမှုကြောင့် ကိုအောင်မျိုးဝင်းတွင် ရင်ဘတ်ဘယ်ဘက် ပြတ်ရှဒဏ်ရာ၊ ဘယ်ခြေသလုံးပြတ်ရှဒဏ်ရာ၊ ဘယ်လက်ဖျံပြတ်ရှဒဏ်ရာ၊ ဘယ်လက်ပြင်ပြတ်ရှဒဏ်ရာများရရှိကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“တစ်လမ်းတည်းမှာ နေကြတဲ့သူတွေ၊ ဖြစ်ရတဲ့ အကြောင်းအရင်းက ကြီးကြီးမားမား မဟုတ်ဘူး၊ အရက် အတူတူ ထိုင်သောက်ရင်း စကားနိုင်လုကြတာ၊ စကားနိုင်လုရာကနေ ရန်ဖြစ်ပြီး ရဲတင်းနဲ့ ခုတ်တဲ့အထိဖြစ်သွားတာ။ အကြောင်းရင်းက ကြီးကြီးမားမား မဟုတ်ပေမယ့် ဖြစ်သွားတာကတော့ ကြီးသွားတယ်။ ပြစ်မှုကျူးလွန်တဲ့သူကိုလည်း ဒီမနက် ၉ နာရီလောက်မှာပဲ ဖမ်းမိထားပါတယ်”ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

စကားများရန်ဖြစ်ပြီး ရဲတင်းနှင့် ခုတ်သည်ဟုဆိုသော ကိုဝင်းဌေးကို ဥပဒေအရ အရေးယူပေးရန် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် လှိုင်သာယာမြို့မရဲစခန်း က (ပ)၁၇၇၈/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။

အလားတူ တိုက်ကြီးမြို့နယ်၊ ဥက္ကံ၊ ကျွဲဘုတ်ကျေးရွာအုပ်စုတွင် မေလ ၁၄ ရက် နံနက် ၅ နာရီခန့်က အရက် အတူတူ ထိုင်သောက်သူ အချင်းချင်း စကားများရန်ဖြစ်ကာ အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသား နှစ်ဦးက အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ပုလင်းဖြင့်ရိုက်ခြင်း၊ ကြံခုတ်ဓားဖြင့် ခုတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဦးခေါင်းဖူးရောင် နာကျင်ဒဏ်ရာ၊ ဘယ်နားနောက် ပြတ်ရှသွေးထွက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သည်ဟုဆိုသော အမျိုးသားနှစ်ဦးကို ဥက္ကံနယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၄ / ၃၂၃ / ၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

J-16