News

POST TYPE

NEWS

ဘားအံရှိ လွန်းညတောင် ဒေသခံများ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးမည်ဟု ဝန်ကြီးချုပ်ဆို
17-May-2018

ဘားအံ၊ မေ ၁၆

ကရင်ပြည်နယ် ဘားအံမြို့ လွန်းည စံပြကျေးရွာအတွင်းရှိ ကျောက်တောင်မှ ကျောက်ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့် ဒေသခံများတွေ့ကြုံနေရသည့် အခက်အခဲလိုအပ်ချက်များကို အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းပြည်နယ်အစိုးရထံမှ သိရသည်။

အာရှလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အိန္ဒု-ကော့ကရိတ်လမ်း အပိုင်းအတွက် လိုအပ်သည့် လမ်းခင်းကျောက်များအတွက် ကျောက်ထုတ်လုပ်နေသော ချစ်လင်းမြိုင်ကုမ္ပဏီမှ ကျောက်လာရောက်ထုတ်လုပ်မှုကို လက်ခံနိုင်သော်လည်း CRBC ကုမ္ပဏီမှ ကျောက်ထုတ်လုပ်ခြင်း၊ ကျောက်ခွဲစက်များ ဝင်ရောက်တည်ဆောက်ခြင်း၊ ယင်းကုမ္ပဏီဝန်ထမ်းများနှင့် ကားများဝင်ရောက်ခြင်းအပေါ် ဒေသခံပြည်သူများ၏ ကန့်ကွက်နေခြင်းအပေါ် အစိုးရအဖွဲ့မှ ယင်းသို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

“ညှော်တယ်၊ ညှော်နံ့တွေရနေတယ်ဆိုရင် ကျွန်မတို့ကိုပြောပါ။ ကုမ္ပဏီကို ကျွန်မတို့ ပြောမယ်။ ကုမ္ပဏီက မလုပ်ပေးဘူးဆို ကျွန်မတို့ သက်ဆိုင်တဲ့သူတွေကို ပြောမယ်။ ဒီနှစ်မှာ ဒီလယ်တွေကို ဖြတ်သွားတဲ့၊ စပါးတွေပျက်သွားတဲ့အတွက် ဒီလယ်ဧက ဘယ်လောက်ရှိလဲဆိုတာ ကျွန်မကို ပြောပါ။ ပျက်သွားတယ်ဆို နစ်နာကြေးကို ကျွန်မတို့ပေးမယ်။ နောက်နှစ်တွေမှာ သုံးလို့ရအောင်လည်း ရေမြောင်းတွေ၊ တံတားတွေ လုပ်ပေးမယ်”ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောဆိုသည်။

အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများမှ ၎င်းတို့ကျေးရွာ အခက်အခဲနှင့် လိုအပ်ချက်များကို တင်ပြတောင်းဆိုထားသည့် လျှပ်စစ်မီးရရှိရေး၊ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးရေး၊ ကျောက်ထုတ်မည့် ကျောက်ကျင်းအရေအတွက် ၁၃၀,ဝ၀၀ ကျင်းပြည့်လျှင် ကျောက်ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းပေးရေး၊ ကျေးရွာ သောက်သုံးရေ ရရှိရေးတို့ကို ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာများ လမ်းစီမံကိန်းဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ကာ ချက်ချင်းပြီးပြတ်နိုင်သော ကိစ္စများကို ချက်ချင်းစတင် လုပ်ဆောင်ပေးမည်ဖြစ်ပြီး၊ အခြားဖွံ့ဖြိုးရေးကိစ္စများကို သက်ဆိုင်ရာဌာနများနှင့် စီစဉ်တွက်ချက်တိုင်းတာကာ ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရွာရဲ့ လယ်ယာကုန်ထုတ်လမ်းကို ကျောက်သယ်ကားတွေ ဖြတ်သွားတယ်၊ ပြီးတော့သူတို့ကားတွေ သွားလာရအဆင်ပြေအောင် ကုန်ထုတ်လမ်းကို ၂ ပေလောက် ထပ်မြှင့်လိုက်တော့ စိုက်ပျိုးရာသီရေရဖို့က အခက်အခဲရှိတယ်၊ အဓိက,ကတော့ ဗိုလ်ချစ်သူ (ချစ်လင်းမြိုင်) က ကျောက်ထုတ်တာ မကန့်ကွက်ဘူး။ CRBC က ဝန်ထမ်းတွေ ဝင်ထွက်သွားလာတာနဲ့ ကျောက်ထုတ်တာကို မလိုချင်ဘူး”ဟု ဒေသခံ ဦးငြိမ်းဖြူက ပြောဆိုသည်။ 

R-17

  • VIA