News

POST TYPE

NEWS

တစ်နှစ် ၂ နှစ်ခန့် တာဝန်ဆက်ယူဦးမည်ဟု အသက် ၉၂ နှစ်အရွယ်ရှိ မလေးဝန်ကြီးချုပ် ပြောကြား

ကွာလာလမ်ပူ၊ မေ ၁၆

အဂတိလိုက်စားသည်ဟု စွပ်စွဲခံထားရသူ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို မကြာသေးခင်က ကျင်းပသည့်သမိုင်းဝင် ရွေးကောက်ပွဲ၌ အနိုင်ရယူခဲ့သည့် ဒေါက်တာ မဟာသီယာ မိုဟာမက်က ၎င်းအနေနှင့် မလေးရှားဝန်ကြီးချုပ်တာဝန်ကို တစ်နှစ် သို့မဟုတ် ၂ နှစ်ခန့် ထမ်းဆောင်သွားမည်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Bangkok Post သတင်းစာက Reuters သတင်းကို ကိုးကားဖော်ပြသည်။

ထို့ပြင် ဒေါက်တာ မဟာသီယာက ၎င်းနေရာတွင် အစားထိုး ခန့်အပ်မည်ဟု ကတိကဝတ်ပြု ပြောဆိုထားသော ပြုပြင်ပြောင်းလဲရေးသမား အန်ဝါအီဘရာဟင်ကိုလည်း မကြာမီ လွှတ်ပေးတော့မည်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားသည်။ ပြုပြင်ပြောင်းလဲရေး ဝါဒီဖြစ်သူ အန်ဝါအီဘရာဟင်သည် သဘာဝလွန် လိင်ဆက်ဆံမှုများ ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များကြောင့် နာဂျစ်ရာဇက်လက်ထက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ဒေါက်တာ မဟာသီယာမိုဟာမက်နှင့် အန်ဝါအီဘရာဟင်တို့ ဦးဆောင်သည့် အတိုက်အခံ လေးပါတီမဟာမိတ်အုပ်စုသည် ပြီးခဲ့သည့် သီတင်းပတ်ကကျင်းပသည့် မလေးရှား အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် မလေးရှားကို လွတ်လပ်ရေး ရရှိပြီးကတည်း က အုပ်စိုးလာသည့် ဘာရစ်ဆန်ပါတီမှာ ပထမဆုံးအကြိမ်အဖြစ် အာဏာလက်လွတ်ခဲ့ရသည်။

ယခင်ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်မှာမူ မလေးရှားဖွံ့ဖြိုးရေးရန်ပုံငွေ (1MDB) မှ ဒေါ်လာဘီလီယံနှင့်ချီ၍ အလွဲသုံးစား လုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေါက်တာမဟာသီယာက အစိုးရအနေနှင့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် အချိန် အနည်းငယ်ကြာမျှ ရယူရလိမ့်မည်ဟုထင်ကြောင်း ပြောဆိုသည်။

အသက် ၉၂ နှစ်အရွယ်ရှိ ဒေါက်တာ မဟာသီယာမိုဟာမက်သည် မေလ ၁၀ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ရာယခုအခါ ကမ္ဘာ့အသက်အကြီးဆုံး ဝန်ကြီးချုပ်အဖြစ် သတ်မှတ်ခံထားရသည်။

“ကျွန်တော့်အနေနဲ့ ရာထူးကနေ ဆင်းပေးခဲ့မယ်ဆိုလျှင်လည်း နောက်ကွယ်ကနေ ဆက်လက်ပါရှိနေဦးမှာပါ”ဟု ၎င်းကပြောကြားသည်။

ဒေါက်တာမဟာသီယာ၏ စီစဉ်မှုကြောင့် တစ်ချိန်က အတိုက်အခံခေါင်းဆောင် နိုင်ငံရေးသမား အန်ဝါအီဘရာဟင် လွတ်မြောက်ရေးအတွက် ဗုဒ္ဓဟူးနေ့က ကွာလာလမ်ပူမြို့၌ သက်ဆိုင်သူများအရေးပေါ် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အသက် ၇၀ အရွယ်ရှိပြီဖြစ်သော အန်ဝါအီဘရာဟင်သည် လိင်တူဆက်ဆံသည်ဟူသော စွပ်စွဲချက်ကြောင့် ထောင်ဒဏ် ငါးနှစ် ပြစ်ဒဏ်ခံနေရသည်။ ၎င်းသည် လွန်ခဲ့သည့် လအနည်းငယ်ခန့်က ပခုံးခွဲစိတ် ကုသမှု ခံယူခဲ့ရခြင်းကြောင့် ယခုအခါဆေးရုံတွင် ရောဂါသက်သာရန် ကုသမှုခံနေရဆဲဖြစ်ကြောင်း၊ ၎င်းကိုအကျဉ်းထောင်သို့ပြန်မပို့ဘဲ ယင်းဆေးရုံးမှပင် တိုက်ရိုက် လွှတ်ပေးမည်ဖြစ်ကြောင်း မလေးရှားအာဏာပိုင်များကဆိုသည်။

မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၂၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဒေါက်တာ မဟာသီယာက အန်ဝါအီဘရာဟင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသည်နှင့် မိမိအနေနှင့်ရာထူးမှဆင်းပေးကာ ၎င်းကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မည်ဖြစ်သည်ဟု ကတိကဝတ်ပြု ပြောဆိုခဲ့ဖူးသည်။

F-01