News

POST TYPE

NEWS

RCSS နှင့် တိုက်ပွဲကို TNLA အဖွဲ့ လူမှုကွန်ရက်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်
16-May-2018 tagged as TNLA RCSS

ရန်ကုန်၊ မေ ၁၆

ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့နှင့် ဖြစ်ပွားနေသည့်တိုက်ပွဲကို တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တရားဝင် သတင်းနှင့် ပြန်ကြားရေးဌာနက လူမှုကွန်ရက်ပေါ်တွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ 

ယင်းသို့ တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကို လူမှုကွန်ရက်ပေါ်တွင် တိုက်ရိုက် ထုတ်လွှင့်မှုကို လူမှုကွန်ရက် သုံးစွဲသူများအကြား ဝေဖန်မှုများလည်း မြင့်တက်ခဲ့သည်။

အဆိုပါရုပ်သံသည် TNLA အဖွဲ့ က RCSS တပ်ဖွဲ့အား ကျောက်မဲမြို့နယ် ခွန်ကော်ဒေသတစ်ဝိုက် နယ်မြေရှင်းလင်းမှုများ ဆောက်ရွက်ခြင်း ဗီဒီယိုမှတ်တမ်းဟု အမည်ပေးထားပြီး အပိုင်းသုံးပိုင်းခွဲကာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ရိုက် ထုတ်လွှင့်သည့် ဗီဒိုယိုဖိုင်တွင် TNLA တပ်သားများ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည့် အခြေအနေများ ပါဝင်ခဲ့ပြီး ယင်းဗီဒီယိုဖိုင်များတွင် နှစ်ဘက်ထောက်ခံသူများက အပြန်အလှန် ဝေဖန်ဆဲဆိုကြသည့်မှတ်ချက်များ ရေးသားခဲ့ကြသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ တအာင်း ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ ရရှိခဲ့ခြင်းမရှိပေ။

ကျောက်မဲမြို့နယ် ခွန်ကော်ဒေသတစ်ဝိုက်တွင် မေလ ၁၆ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမှာ မှန်ကန်မှုရှိပြီး တိုက်ရိုက် ထုတ်လွှင့်ရသည့် ရည်ရွယ်ချက်ကို မသိရှိကြောင်း RCSS တပ်မှူးတစ်ဦးက ပြောကြားသည်။

“အရင်ကလည်း သူတို့ ဗီဒီယိုဖိုင်တွေ တင်တာတွေတော့ တွေ့တယ်။ သူတို့က ဝါဒဖြန့်တဲ့သဘောမျိုး လုပ်နေတယ်လို့တော့ မြင်တယ်။ ရေရှည်မှာ ကောင်းလာမယ့် လုပ်ရပ်တော့မဟုတ်ဘူး။ အကျိုးလည်း မရှိဘူး” ဟု အဆိုပါ RCSS တပ်မှူးကဆိုသည်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး တအာင်းပလောင်အဖွဲ့ကမူ ရေးထိုးထားခြင်း မရှိပေ။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် RCSS အဖွဲ့ အပါအဝင် တပ်မတော်နှင့်လည်း တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက မူဆယ်ရှိ ပြည်သူ့စစ်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားမှုကိုလည်း TNLA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားပြီး လောင်းကစားဝိုင်းကို ဝင်ရောက် ရှင်းလင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

J-08