News

POST TYPE

NEWS

လူပြိန်းကြိုက်ဝါဒနှင့် မီဒီယာအပေါ် မယုံကြည်မှု ဆက်စပ်နေကြောင်း ဥရောပရှစ်နိုင်ငံ သုတေသနတွင်ဖော်ပြ
16-May-2018

ဝါရှင်တန်၊ မေ ၁၄

အမေရိကန်မှ နာမည်ကြီး Pew သုတေသနစင်တာ၏ အနောက်ဥရောပ ရှစ်နိုင်ငံတွင် လေ့လာမှုအရ လူပြိန်းကြိုက်ဝါဒီများသည် မီဒီယာများအပေါ် မယုံကြည်မှု ပိုမိုများပြားကြောင်း တွေ့ရှိခဲ့သည်ဟု DW သတင်းဌာနက ဖော်ပြသည်။

သမားရိုးကျ လက်ဝဲယိမ်း၊ လက်ယာယိမ်းနိုင်ငံရေးအယူအဆ ကွဲပြားမှုက သတင်းမီဒီယာများအပေါ် ယုံကြည်မှုတွင် အဓိကမကျသော်လည်း လူပြိန်းကြိုက်ဝါဒီများမှာမူ မီဒီယာများအပေါ် ယုံကြည်မှုသိသိသာနည်းပါးကြောင်း တွေ့ရှိခဲ့သည်။

ဒိန်းမတ်၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဗြိတိန်တို့တွင် လေ့လာမှုအရ “အဆိုပါရှစ်နိုင်ငံမှ လူပြိန်းကြိုက်အမြင်များ ကိုင်စွဲထားသူများ၏ မီဒီယာအပေါ် ယုံကြည်မှုမှာ အခြားနိုင်ငံရေး အမြင်ရှိသူများထက် ၈ ရာခိုင်နှုန်းမျှ ၃၁ ရာခိုင်နှုန်းအထိ နည်းပါးသည်”ဟု တွေ့ရှိခဲ့ရသည်။

ဂျာမနီတွင် လူပြိန်းကြိုက်အမြင်မျိုး မရှိသူများ၏ ၇၈ ရာခိုင်နှုန်းအထိ မီဒီယာအပေါ် ယုံကြည်ကြသော်လည်း လူပြိန်းကြိုက်အမြင်ရှိသူများထဲတွင်မူ ၄၇ ရာခိုင်နှုန်းခန့်ကသာ ယုံကြည်ကြသည်။ ရွှေ့ပြောင်းအခြေချမှု၊ စီးပွားရေးလုပ်ငန်း၊ ရာဇဝတ်မှုများနှင့်ပတ်သက်သော သတင်းတင်ဆက်မှုအပေါ်တွင် ထိုအုပ်စုမှာယုံကြည်မှု ပိုနည်းကြသည်ဟုဆိုသည်။ 

စပိန်၊ အီတလီ၊ ပြင်သစ်၊ ဗြိတိန်တို့တွင်မူ မီဒီယာများအပေါ် ယုံကြည်မှုမှာ သိသိသာသာ ကျဆင်းနေပြီး လူပြိန်းကြိုက်အမြင်မရှိသူများပင်လျှင် မီဒီယာအပေါ် ယုံကြည်သူ ထက်ဝက်ဝန်းကျင်သာရှိသည်ကို တွေ့ရသည်။

စစ်တမ်းကို နိုင်ငံရှစ်နိုင်ငံမှ လူ ၁၆၀၀၀ ခန့်ကို မေးမြန်းပြုစုခဲ့ခြင်းဖြစ်သည်။ လူပြိန်းကြိုက်ဝါဒီနှင့် လူပြိန်းကြိုက်ဝါဒီ မဟုတ်သူ ဟူ၍ ခွဲခြားရန် စစ်တမ်းတွင် လူပြိန်းကြိုက် လှုပ်ရှားမှုများ၌ မကြာခဏ အသုံးချသည့် “သာမန်ပြည်သူ” နှင့် “နိုင်ငံရေးအထက်လွှာ” ဆိုသော ခွဲခြားမှုကိုသုံးစွဲခဲ့သည်။ ဖြေဆိုသူက ယင်းသို့ကွာဟချက်ရှိသည်ဟု သိသိသာသာတုံ့ပြန်ပါက လူပြိန်းကြိုက်အယူအဆများကို လက်ခံသူအဖြစ် သတ်မှတ်ကာ အုပ်စုခွဲခြင်းဖြစ်သည်။

“ရွေးကောက်ခံ တာဝန်ရှိသူများသည် နိုင်ငံသားများ၏ နေ့စဉ်ဘဝ လိုအပ်ချက်များကို စိတ်မဝင်စားကြဘဲ ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားများထက် သာမန်နိုင်ငံသားများက ပိုကောင်းသော မူဝါဒများ ချမှတ်အကောင်အထည်ဖော်နိုင်သည်”ဟု ယူဆသူများကို လူပြိန်းကြိုက်ဝါဒီများအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

ယခင်ကဆိုလျှင် နိုင်ငံရေးနှင့် မီဒီယာတင်ဆက်မှုနှင့်ပတ်သက်ပြီး လေ့လာပါက လက်ဝဲ၊ လက်ယာ အယူအဆကွဲပြားမှုကို အခြေခံကာ စစ်တမ်းကောက်ယူရသော်လည်း ယခုအခါ ယင်းသမားရိုးကျ သဘောထားကွဲလွဲမှုမျိုးမှာ မီဒီယာများအပေါ် အမြင်၌ အဓိကမကျတော့ကြောင်း တွေ့ရှိခဲ့သည်။

ယင်းသို့သော လက်ဝဲ၊ လက်ယာ ကွဲပြားမှုမှာ စပိန်၊ ဂျာမနီ၊ ဆွီဒင်တို့တွင် အရေးပါနေဆဲဖြစ်သော်လည်း ကျန်နိုင်ငံများတွင်မူ မသိသာတော့ကြောင်းလည်းတွေ့ရှိခဲ့ရသည်။

လူမှုကွန်ရက်များကို သတင်းရင်း မြစ်ရယူသည့်နေရာအဖြစ် သုံးစွဲမှုမှာလည်း သိသိသာသာများပြားလာသလို လူပြိန်းကြိုက်အယူအဆရှိသူများသည် လူမှုကွန်ရက်များမှရရှိသည့် အချက်အလက်များကို အမှန်ဟု ယူဆမှုပိုများကြောင်းလည်း တွေ့ရှိခဲ့သည်။

F-03