News

POST TYPE

NEWS

အမေရိကန်သမ္မတကတော် ကျောက်ကပ်ရောဂါကြောင့် ဆေးရုံတက်
16-May-2018



ဝါရှင်တန် မေ ၁၅

အမေရိကန်သမ္မတကတော် မယ်လာနီယာထရမ့်သည် ကျောက်ကပ်ရောဂါကြောင့် တနင်္လာနေ့က ခွဲစိတ်ကုသခဲ့ရပြီး ဆေးရုံတွင် တစ်ပတ်ခန့်ရှိနေဦးမည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။

ဒေါ်နယ်ထရမ့်၏ဇနီး ဆလိုဗေးနီးယားသူ မယ်လာနီယာထရမ့် ၄၈ နှစ်သည် ကျောက်ကပ်တွင် အဖုအကျိတ် ဖယ်ရှားသည့် ခွဲစိတ်ကုသမှုကို ပြုလုပ်ခဲ့ပြီး ခွဲစိတ်မှုအောင်မြင်သည်ဟု သူမ၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီဂရီရှန်က ပြောကြားသည်။

“သမ္မတကတော်က အပြည့်အဝ နေကောင်းလာတော့မှာပါ။ ကမ္ဘာပေါ်က ကလေးတွေအတွက် လုပ်ဆောင်ပေးနေတဲ့ အလုပ်ကို ဆက်လုပ်နိုင်မှာပါ” ဟု ဂရီရှန်က ပြောကြားသည်။

ကုသမှုအပြီး နာရီပိုင်းအကြာတွင် ဝါရှင်တန်မြောက်ဘက်ရှိ ဝေါ်လ်တာရိဒ် စစ်ဆေးရုံသို့ သမ္မတထရမ့် ရောက်ရှိလာကာ ၎င်း၏ဇနီးကို လာရောက်ကြည့်ရှုခဲ့သည်။

ဝေါ်လ်တာရိဒ်စစ်ဆေးရုံသည် အမေရိကန်သမ္မတများနှင့် သမ္မတကတော်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆေးရုံဖြစ်သည်။

“ကုသမှု အောင်မြင်တယ်။ သူ့အခြေအနေကလည်း ကောင်းတယ်။ ဆုတောင်းပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ထရမ့်က twitter တွင်ပြောဆိုထားသည်။

ချီကာဂိုတက္ကသိုလ် ဓာတ်ရောင်ခြည်ဌာနမှ ပါမောက္ခ ဂျက်ဖရီလိဒ်က အဆိုပါ ကုထုံးကို ခန္ဓကိုယ်တွင်းရှိ အဖုအကျိတ်ကို ဖယ်ရှားရာတွင် အသုံးပြုလေ့ရှိပြီး သွေးကြောစနစ်အတွင်းသို့ ကက်သီတာခေါ် ပိုက်အသေးစားထည့်သွင်းကာ ကုသခြင်းဖြစ်သည်ဟု ပြောကြားသည်။

နယူးယောက် လင်းနတ်ဟီးလ်ဆေးရုံမှ ဆီးနှင့်ကျောက်ကပ်ပါရဂူ အယ်လီဇဘက် ကာဗာလာက သမ္မတကတော်၏ ရောဂါမှာ ကင်ဆာအကျိတ်မဟုတ်ဘဲ angiomy-olipoma ဟုခေါ်သော သာမန်အဖုအကျိတ်သာဖြစ်သည်ဟု ပြောကြားသည်။

“အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ကင်ဆာမဟုတ်ပါဘူး” ဟု သူမက ပြောကြားသည်။

“ရောဂါလက္ခဏာတစ်ခုက ဆီးထဲမှာသွေးပါလာတတ်တယ်။ နာကျင်တဲ့ ဝေဒနာရှိတတ်တယ်” ဟု ဂျက်ဖရီလိဒ်က ရှင်းပြသည်။

သမ္မတကတော်သည် ကမ္ဘာတစ်လွှားမှ ကလေးများကို ကူညီပေးမည့် Be Best အသိပညာပေးလှုပ်ရှားမှုကို ဆောင်ရွက်ရန်စီစဉ်နေသည်ဟု ယခုလ အစောပိုင်းက အိမ်ဖြူတော်တွင် ထုတ်ဖော်အသိပေးခဲ့သည်။

သမ္မတထရမ့် အာဏာရရှိလာပြီးနောက်ပိုင်း သူမ၏ ကျော်ကြားမှုသည် မြင့်တက်လာခဲ့ပြီး ယခင်အပတ်က ပြုလုပ်ခဲ့သော CNN/SSRS စစ်တမ်းအရ အမေရိကန် ၅၇ ရာခိုင်နှုန်းက သမ္မတကတော် မယ်လာနီယာကို နှစ်သက်ကြသည်ဟု သိရှိရသည်။

ကလေးများကို အသိပညာပေးမည့် Be Best အစီအစဉ်သည် သမ္မတကတော်၏ ပုံရိပ်ကို မြင့်တက်လာစေခဲ့သည်။

F-04