News

POST TYPE

NEWS

ဘုရင့်အနွယ်တော်များက လက်ဖက်စိုက်တောင်သူများကို ငွေကြေးထောက်ပံ့
16-May-2018



မန္တလေး၊ မေ ၁၅

ကုန်းဘောင်မင်းဆက် ဘုရင့်အနွယ်တော်များဖြင့် ဖွဲ့စည်းထားသော တော်ဝင်မင်းသားဖောင်ဒေးရှင်းက GREEN TEA လက်ဖက်ထုတ်လုပ်သည့်စက်ရုံထူထောင်လိုသည့် လက်ဖက်စိုက်တောင်သူများကို ငွေကြေးထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကျော်သီဟက ပြောကြားသည်။

GREEN TEA လက်ဖက်ထုတ်လုပ်သည့် စက်တစ်လုံးလျှင် ကျပ်သိန်း ၉၀ ကျော်ခန့်ရှိရာ ယင်းစက်တန်ဖိုးအနက် ကျပ်သိန်း ၃၀ ကို တောင်ဝင် မင်းသားဖောင်ဒေးရှင်းက ထည့်ဝင်ပေးမည်ဖြစ်ကြောင်း၊ လက်ဖက်စိုက်တောင်သူများ၏ စားဝတ်နေရေးအဆင်ပြေစေရန် ကူညီပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အရည်အသွေးကောင်းတဲ့ လက်ဖက်တွေ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ရည်ရွယ်တာပါ။ တိုးမြှင့်ထုတ်လုပ်တဲ့အတွက် တောင်သူတွေအနေနဲ့ ဈေးပိုရမယ်။ ဝင်ငွေတိုးတက်လာမယ်။ ဒေသတွင်း ဘိန်းစိုက်ပျိုးမှု လျှော့ချလာနိုင်မယ်။ သူတို့တွေရဲ့စားဝတ်နေရေး အဆင်ပြေလာမယ်” ဟု ဦးကျော်သီဟက ရှင်းပြသည်။

လက်ဖက်စိုက်တောင်သူများအနေနှင့် ယင်းငွေကို ပြန်လည်ပေးဆပ်ရန် မလိုကြောင်း၊ စက်ဝယ်ယူသည့် တောင်သူများအနေနှင့် စက်ရုံပတ်ဝန်းကျင်ရှိ လက်ဖက်စိုက်တောင်သူများ၏ ထုတ်လုပ်မှုပိုင်းကို စက်ရုံက လက်ခံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ GREEN TEA လက်ဖက်ထုတ်လုပ်သည့် စက်ရှစ်လုံးစာအတွက် ကျပ်သိန်း ၂၄၀ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တော်ဝင်မင်းသားဖောင်ဒေးရှင်းထံမှ သိရသည်။

မြန်မာနိုင်ငံတွင် လက်ဖက်ကို ရွာငံ၊ ပင်းတယ၊ ပင်လောင်း၊ ကျောက်မဲ၊ နမ့်စန်၊ တောင်ကြီး စသည်မြို့နယ်များတွင် အဓိကစိုက်ပျိုးကြပြီး လက်ရှိတွင် မြန်မာလက်ဖက်ကိုဝယ်ယူရန် ဂျာမနီနိုင်ငံက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းထံမှလည်း သိရသည်။

M-05