News

POST TYPE

NEWS

အရှည် ၁၅ ပေနှင့်အထက် ရှိသည့် ဝေလငါးမန်းသုံးကောင် ဆက်တိုက်မိ
16-May-2018 tagged as ထားဝယ် ဝေလငါး



ရေဖြူ၊ မေ ၁၅

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဓမင်းဆိပ်ကျေးရွာတွင် နှစ်လအတွင်း ဝေလငါးမန်း (Whale Shark) အရပ်ခေါ် ဝီစီပျော့သုံးကောင် ဒေသခံများ၏ ကျားဖောင်တွင် လာမိခဲ့ကြောင်း ယင်းကျေးရွာ ရာအိမ်မှူး ဦးတင်ဆန်းက ပြောသည်။

ဒေသခံများ ပုစွန်၊ ငါးငယ်များကို ဖမ်းဆီးသည့် ကျားဖောင် (ဒေသအခေါ် ကျားပါးစပ်) တွင် ခန့်မှန်း အလျား ၁၅ ပေကျော်ခန့်ရှိ ဝေလငါးမန်းတစ်ကောင် မေလ ၁၁ ရက်က မိနေကြောင်း ဦးတင်ဆန်းက ပြောသည်။

ယင်းကျေးရွာ ငါးဖမ်းသမားများသည် ကမ်းခြေမှ ငါးမိုင်ခန့်အကွာတွင် ပင်လယ်ထဲတွင် ကျားဖောင်ဖြင့် ဒီရေအတက်အကျအလိုက် ငါး၊ ပုစွန်များ ဖမ်းဆီးလေ့ရှိကြောင်း ဦးတင်ဆန်းက ပြောသည်။

“ငါးက ကျားပါးစပ်ထဲဝင်ပြီး သေနေတာဆိုတော့ ပိုက်ထုတ်လို့မရလို့ ကမ်းကို ဆွဲသွင်းလာလိုက်တယ်” ဟု ဦးတင်ဆန်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ပထမအပတ်တွင် ယင်းကဲ့သို့ပင် ဝေလငါးမန်းခန့်မှန်း အလျား ၁၇ ပေအရွယ် တစ်ကောင်နှင့် ယင်းလ ဒုတိယအပတ်တွင် ၁၅ ပေအရွယ် တစ်ကောင် ကျားဖောင်တွင် ဝင်မိပြီးသေနေခဲ့ဖူးကြောင်း ၎င်းက ပြောသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်ကလည်း ယင်းဝေလငါးမန်းများ ဒေသခံ ငါးဖမ်းသမားတို့၏ ကျားဖောင်တွင် ဝင်ရောက်သေဆုံးခဲ့ဖူးကြောင်း ဓမင်းဆိပ် ဒေသခံအချို့ထံမှ သိရသည်။

Dawei Watch