News

POST TYPE

NEWS

ဂျေရုဆလင်သို့ အမေရိကန်သံရုံးသစ် ပြောင်းရွှေ့ဖွင့်လှစ်ပွဲ သံတမန်အနည်းငယ်သာ တက်ရောက်
15-May-2018

ဂျေရုဆလင်၊ မေ ၁၂ 

အစ္စရေးနိုင်ငံ မြို့တော်ဂျေရုဆလင်၌ အမေရိကန်သံရုံး ပြောင်းလဲဖွင့်လှစ်ပွဲ အခမ်းအနားကို အစ္စရေးအစိုးရကဂုဏ်ပြုအခမ်းအနားဖြင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ပေးသော်လည်း ယင်းအခမ်းအနားသို့ သံတမန်ကြီးအတော်များများ မတက်ရောက်ဘဲနေခဲ့ကြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယခင် တဲလ်အဗစ်မြို့ရှိအမေရိကန် သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်ဒီဇင်ဘာလတွင် ဆုံးဖြတ်ခဲ့သည်။ ယင်းကိစ္စသည် ဂျေရုဆလင်အားအစ္စရေး နိုင်ငံ၏မြို့တော်အဖြစ် တရားဝင်အသိအမှတ် ပြုခြင်းဖြစ်ရာ နိုင်ငံအများစုက ထရမ့်၏ဆုံးဖြတ်ချက်ကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ 

တနင်္လာနေ့က ကျင်းပသော ဂျေရုဆလင်အခြေစိုက် အမေရိကန်သံရုံးသစ် ဖွင့်ပွဲအခမ်းအနားကို အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ကြီးကျယ်ခမ်းနားစွာ ကျင်းပပေးခဲ့သော်လည်း ကမ္ဘာ့နိုင်ငံအတော်များများမှ သံတမန်ကြီးများက မတက်ရောက်ခြင်းဖြင့် ၎င်းတို့၏ဆန္ဒ သဘောထားကို ပြသခဲ့ကြသည်။ 

ဂျေရုဆလင်အရှေ့ပိုင်းကိုအနာဂတ် နိုင်ငံတော်အဖြစ်သတ်မှတ်လိုသည့် ဆန္ဒရှိကြသော ပါလက်စတိုင်းတို့က ထရမ့်၏ ဆုံးဖြတ်ချက်သည် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးကြိုးပမ်းချက်များကို ကမောက်ကမဖြစ်စေကြောင်း ပြောဆိုခဲ့ကြသည်။ 

ထို့အတူ အခြားသောအာရပ်ကမ္ဘာ နိုင်ငံများသာမက အမေရိကန်မဟာမိတ် နိုင်ငံများကလည်း ထရမ့်၏ ဆုံးဖြတ်ချက်က အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြောင်ဒေသတို့တွင် မတည်မငြိမ်မှုများပေါ်ပေါက်လာနိုင်သည်ဟု စိုးရိမ်တကြီးဖြစ်ခဲ့ကြသည်။ 

F-01