News

POST TYPE

NEWS

သိထားသင့်သော အီရန်၏ စစ်ရေးအင်အား
15-May-2018



တီဟီရန်၊ မေ ၁၄

အီရန်သည် ရန်ဘက်နိုင်ငံများထက် စစ်အင်အားသာလွန်မှုမရှိခြင်းကြောင့် အခက်တွေ့ဖွယ်ရှိနေသော်လည်း အရှေ့အလယ်ပိုင်းတွင် အဓိက စစ်အင်အားကြီးနိုင်ငံတစ်ခု ဖြစ်နေခြင်းကို ရပ်တန့်၍မရနိုင်ဟု DW သတင်းတွင် ဖော်ပြထားသည်။

အီရန်၏ မတူညီသော ကာကွယ်ရေးမဟာဗျူဟာသုံးရပ်ကို DW က ပိုင်းခြားသုံးသပ်ထားသည်။ အီရန်သည် ကြည်း၊ ရေ၊ လေ စစ်တပ်နှင့် တော်လှန်ရေးအစောင့်တပ်တွင် တပ်ဖွဲ့ဝင်အင်အား ၅၃၄,၀၀၀ ခန့်ရှိပြီး အရှေ့အလယ်ပိုင်းတွင် အဓိက စစ်အင်အားနိုင်ငံတစ်ခုဖြစ်သည်။

အွန်လိုင်းမှ Global Firepower စစ်အင်အား ညွှန်းကိန်းတွင် အကြောင်းအရာ ၅၀ ခန့်အပေါ် အခြေခံတွက်ချက်မှုအရ ကမ္ဘာတစ်လွှား ၁၃၆ နိုင်ငံစာရင်းတွင် အီရန်က အဆင့် ၁၃ တွင် ရပ်တည်နေသည်။ အခြားဒေသတွင်း နိုင်ငံများအနေနှင့် တူရကီက အဆင့် ၉၊ အီဂျစ်က အဆင့် ၁၂၊ အစ္စရေးက အဆင့် ၁၆၊ ဆော်ဒီအာရေးဗီးယားက အဆင့် ၂၆ အသီးသီး ရပ်တည်နေကြသည်။

အီရန်လူဦးရေသည် ၈၂ သန်းရှိသောကြောင့် တပ်ဖွဲ့ဝင်အင်အားများစွာ ရရှိနိုင်ခြင်းသည် ၁၉၈၀ - ၈၈ အီရန် အီရတ် စစ်ပွဲကဲ့သို့ နှစ်ရှည်စစ်ပွဲများကို ဆင်နွှဲနိုင်သော အဓိကအချက်ဖြစ်သည်။

သို့ရာတွင် ၂၀၁၇ တွင် ဒေါ်လာ ၁၆ ဘီလီယံသာရှိခဲ့သော အီရန်ကာကွယ်ရေးဘတ်ဂျက်သည် ရန်ဘက်နိုင်ငံများဖြစ်သည့် အစ္စရေး (ဒေါ်လာ ၁၈ ဒသမ ၅ ဘီလီယံ)၊ ဆော်ဒီ (ဒေါ်လာ ၇၆ ဒသမ ၇ ဘီလီယံ)နှင့် အမေရိကန် (ဒေါ်လာ ၆၀၀ ဘီလီယံ) တို့ထက် များစွာလျော့နည်းလျက်ရှိသည်။

အီရန်သည် ရန်ဘက်နိုင်ငံများထက် စစ်ရေးဘတ်ဂျက် နည်းသည့်အပြင် အမေရိကန်စစ်စခန်းများ၏ ဝိုင်းပတ်ထားမှုကို ခံနေရပြီး လုံခြုံရေး အာမခံချက်မရှိသကဲ့သို့ ဖြစ်နေသည်။

ထို့ပြင် အီရန်သည် အမေရိကန်နှင့် ကုလသမဂ္ဂ၏ စစ်လက်နက်ကုန်သွယ်မှုတားမြစ်သည့် အရေးယူပိတ်ဆို့မှုကို ၂၀၀၆ ကတည်းက ရင်ဆိုင်ခဲ့ရသောကြောင့် ပြည်တွင်းထုတ်လုပ်မှုအပေါ် ကြီးမားစွာ မှီခိုနေရသော်လည်း ဒေသတွင်းရန်ဘက်နိုင်ငံများမှာမူ အနောက်အုပ်စု၏ နောက်ဆုံးပေါ်လက်နက်စနစ်များကို တပ်ဆင်ထားကြသည်။

ထိုအားနည်းချက်ကို ထေမိစေရန်အတွက် တီဟီရန်သည် မတူညီသော စစ်စွမ်းရည်များနှင့် ကာကွယ်ရေးအစီအစဉ်များအပေါ် အခြေပြုရပ်တည်နေသည်။

အီရန်၏ ပထမ မဟာဗျူဟာဖြစ်သော ရှေ့တက်ကာကွယ်ခြင်း မဟာဗျူဟာကို တော်လှန်ရေးအစောင့်တပ်၏ Quds အထူးတပ်ဖွဲ့က ဦးဆောင်စီမံပြီး ဒေသတွင်း မဟာမိတ်များ၊ ကိုယ်စားပြုတပ်များနှင့် ချိတ်ဆက်ကာ ခံစစ်ဝင်ရိုးကို တည်ဆောက်ထားသည်။ အီရန်မြေသို့ ရန်သူများ မကပ်နိုင်အောင် တားဆီးရန် ရည်ရွယ်ခြင်းဖြစ်သည်။

အဆိုပါ ကိုယ်စားပြုတပ်များတွင် အီရတ်နှင့် ဆီးရီးယားရှိ IS နှိမ်နင်းရေး ပြည်သူ့စစ်အဖွဲ့များ၊ လက်ဘနွန်ရှိ ဟစ်ဇဘိုလာအဖွဲ့၊ ယီမင်ရှိ ဟော်သီသူပုန်အဖွဲ့နှင့် ပါလက်စတိုင်းဟားမားစ်နှင့် ဂျီဟတ်အဖွဲ့တို့ ပါဝင်သည်။ ထိုအဖွဲ့များသည် အီရန်နှင့် နိုင်ငံရေး၊ စစ်ရေး ချိတ်ဆက်ထားသော်လည်း ၎င်းတို့၏ ဆိုင်သော နိုင်ငံရေးရည်မှန်းချက် အသီးသီး ရှိကြသည်။

ဒုတိယ မဟာဗျူဟာမှာ အစ္စရေး၊ ပင်လယ်ကွေ့ အာရပ်နိုင်ငံများ၊ ဒေသတွင်း အမေရိကန်စစ်စခန်းများနှင့် ဥရောပသို့ ပစ်ခတ်နိုင်သော တာတိုနှင့် တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်များဖြစ်သည်။ ထိုဒုံးကျည်များသည် အစ္စရေး၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်သည်ဟု အကဲခတ်များက ယူဆကြသည်။ အီရန်က ထိုဒုံးကျည်များသည် ကာကွယ်ရေးအတွက်ဖြစ်သည်ဟု ပြောဆိုနေသော်လည်း ရန်ဘက်နိုင်ငံများကမူ ကျူးကျော်ရန်စလိုသည့် ခြိမ်းခြောက်မှုဟု သတ်မှတ်ထားကြသည်။

အီရန်၏ တတိယ မဟာဗျူဟာမှာ စစ်ဖြစ်လာလျှင် ရေနံအရောင်းအဝယ်စီးဆင်းမှုကို ပိတ်ဆို့ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးကို အကျပ်ကိုင်ရန် ခြိမ်းခြောက်မည့် အစီအစဉ်ဖြစ်သည်။ ကမ္ဘာ့ရေနံ ကုန်သွယ်မှု၏ ငါးပုံတစ်ပုံသည် ပါရှန်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့အကြားမှ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရသည်။

အီရန်၏ မဟာဗျူဟာမှာ ရေမြှပ်မိုင်းများ၊ သင်္ဘောဖျက်ဒုံးကျည်နှင့် တိုပီဒို တပ်ဆင်ထားသော တန်ဖိုးနည်း မော်တော်များဖြင့် ရန်သူစစ်သင်္ဘောကြီးများကို တိုက်ခိုက်နှစ်မြှုပ်ကာ ရေလက်ကြားကို ပိတ်ဆို့ထားရန်ဖြစ်သည်။

ထို့အပြင် ကမ္ဘာ့ရေနံ ကုန်သွယ်မှု၏ ၄ ရာခိုင်နှုန်း ဖြတ်သန်းနေသော ပင်လယ်နီဘက်အယ်လ်မန်ဒက် ရေလက်ကြားကိုလည်း ယီမင်ဟော်သီသူပုန်များနှင့် Quds တပ်ဖွဲ့တို့ ပူးပေါင်းကာ ပိတ်ဆို့သည့် ဗျူဟာကိုလည်း အီရန်က အကောင်အထည် ဖော်နိုင်သည်။

အီရန်၏ ပင်လယ်ရပ်ခြား စစ်ဆင်ရေးများကို တော်လှန်ရေးအစောင့်တပ် လက်အောက်ရှိ Quds တပ်ဖွဲ့က လုပ်ဆောင်သည်။ တော်လှန်ရေးအစောင့်တပ်သည် အီရန်စစ်တပ်နှင့် သီးခြားစီဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဘာသာရေးခေါင်းဆောင် ခါမေနီ၏ အမိန့်ကို ခံယူသည်။

F-01