News

POST TYPE

NEWS

အင်ဒိုနီးရှားရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းသုံးခု ဗုံးခွဲမှုကို အစွန်းရောက်အစ္စလာမ္မစ်မိသားစုတစ်စုက ကျူးလွန်ခဲ့ဟု ရဲတပ်ဖွဲ့ပြောကြား
15-May-2018



ဂျကာတာ၊ မေ ၁၄

အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာမြို့တွင် ယမန်နေ့ကဖြစ်ပေါ်ခဲ့သော ဘုရားရှိခိုးကျောင်းသုံးကျောင်း ဗုံးခွဲတိုက်ခိုက်ခံရမှု၌ ခြောက်ဦးပါသော မိသားစုတစ်စုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းမိသားစုသည် IS အုပ်စုကိုပံ့ပိုးသည့် အစွန်းရောက်အစ္စလာမ္မစ်အုပ်စုဖြစ်သော ဂျမားအန်ဟာ ရွတ်ဒူလာ (JAD) အုပ်စုနှင့် ချိတ်ဆက်မှုရှိကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယင်းမိသားစုသည် တနင်္ဂနွေနေ့က ဆူရာဘရာမြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းသုံးခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီကာ ဒဏ်ရာရရှိသွားခဲ့သည်။ 

အဆိုပါဖြစ်ရပ်သည် ကမ္ဘာ့အကြီးဆုံး မွတ်ဆလင်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံအတွင်း အစွန်းရောက်စစ်သွေးကြွများ ခေါင်းထောင်လာမှုနှင့် ဘာသာရေးလူနည်းစုများအပေါ် ဖိနှိပ်မှုများမြင့်တက်လာခြင်းကို ဖော်ကျူးရာရောက်စေသည်။

ဗုံးဖောက်ခွဲသည့် မိသားစုတွင် ဖခင်၊ မိခင်၊ အသက် ၉ နှစ်နှင့် ၁၂ နှစ်အရွယ်ရှိ သမီးငယ်နှစ်ဦး၊ အသက် ၁၆ နှင့် ၁၈ နှစ် အရွယ်ရှိသားနှစ်ဦး စုစုပေါင်းခြောက်ဦးပါဝင်သည်။ ယင်းမိသားစုသည် IS စစ်သွေးကြွအုပ်စု၏ နောက်လိုက် JAD အစွန်းရောက်အုပ်စုနှင့် အဆက်အသွယ်ရှိခဲ့ကြောင်း အင်ဒိုနီးရှားအမျိုးသားရဲတပ်ဖွဲ့၏ ရဲချုပ်တီတိုကာနာဗီယန်က ပြောကြားသည်။ 

အင်ဒိုနီးရှားပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ ယင်းမိသားစုသည် ဆီးရီးယားမှ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်နိုင်သည်။ ဆီးရီးယားတွင် IS အစွန်းရောက် စစ်သွေးကြွအုပ်စုနှင့် သွားရောက်ပူးပေါင်းလျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံသား အမြောက်အမြားရှိသည်။ ၎င်းတို့က တင်းကျပ်သည့် အစ္စလာမ္မစ်ဥပဒေဖြင့် အုပ်ချုပ်သော အစ္စလာမ်နိုင်ငံတော် ထူထောင်ရေးအတွက် ကြိုးပမ်းနေသည့် IS အုပ်စုကို ပံ့ပိုးသည့်အနေနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ 

ယင်းမိသားစုတွင် မိခင်ဖြစ်သူ၏ အမည်မှာ ပူဂျီကူစ်ဝါတီဖြစ်ပြီး ၎င်းနှင့် သမီးငယ်နှစ်ဦးသည် မျက်နှာအုပ်ပဝါဝတ်ဆင်ထားပြီး ဗုံးကိုခါး၌ ချိတ်ပတ်ကာဘုရား ရှိခိုးကျောင်းထဲသို့ ဝင်ရောက်ဖောက်ခွဲပစ်ခဲ့ခြင်းဖြစ်ကြောင်း ရဲချုပ်ကပြောကြားသည်။ 

ဖခင်ဖြစ်သူမှာ ဒီတာပရီယန်တိုဟု အမည်ရပြီး JAD ဆဲလ်၏ အုပ်စုခေါင်းဆောင်ဖြစ်ကာ ဗုံးတပ်ဆင်ထားသောကားဖြင့် ဘုရားရှိခိုးကျောင်းတစ်ခုအတွင်းသို့ ဝင်ရောက်ဖောက်ခွဲပစ်ခြင်းဖြစ်သည်။ သားနှစ်ဦးမှာမူ ဆန်တာမာရီယာဘုရား ရှိခိုးကျောင်းထဲသို့ မော်တော်ဆိုင်ကယ်ဖြင့် ဝင်ရောက်ကာသယ်ဆောင်လာသော ဗုံးများကို ဖောက်ခွဲပစ်လိုက်ခြင်းဖြစ်သည်ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

“အားလုံးဟာ အသေခံဗုံးခွဲတိုက်ခိုက်မှုပါပဲ၊ အသုံးပြုခဲ့တဲ့ ဗုံးအမျိုးအစားတွေတော့ မတူညီကြပါဘူး” ဟု ရဲချုပ်က ပြောကြားသည်။ 

ယခုဖြစ်ရပ်သည် လတ်တလောနှစ်များအတွင်း အင်ဒိုနီးရှားနိုင်ငံအတွက် သွေးစွန်းမှု အကြီးမားဆုံးသောအကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု အာဏာပိုင်များကဆိုသည်။ 

တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော ခရစ်ယာန်ဘုရားရှိခိုးကျောင်း သုံးခုအကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ယုတ်ညံ့သောလုပ်ရပ်တစ်ခုဖြစ်သည်ဟု ပြစ်တင်ရှုတ်ချပြီး အကြမ်းဖက်အုပ်စုများကို ဖြိုခွင်းရန် ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့သည်။

F-01