News

POST TYPE

NEWS

သီလဝါရှိအငြင်းပွားမြေ မြို့နယ်လယ်ယာမြေ စိစစ်ရေးကော်မတီ မနက်ဖြန်စစ်ဆေးမည်
15-May-2018

ရန်ကုန်၊ မေ ၁၄

သီလဝါဆိပ်ကမ်းရှိ အငြင်းပွားမြေနှင့်ပတ်သက်၍ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေးကော်မတီက စစ်ဆေးပြီးမှသာ ဖြေရှင်းပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း လယ်သမား ဦးရဲမြင့်က ပြောကြားသည်။

“ဒီနေ့ ညှိတယ် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောတယ်၊ ကိုယ့်မြေကိစ္စကိုပဲ ပြောတယ်။ တခြားကိစ္စတွေကို မပြောခိုင်းဘူး။ မနက်ဖြန် လယ်မြေစိစစ်ရေး ကော်မတီဝင်စစ်ပြီး ရှင်းပေးမယ်လို့တော့ ပြောတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မေလ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးတွင် တိုင်းခရိုင်မြို့နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် အငြင်းပွားမှုဖြစ်ပွားခဲ့သည့် တောင်သူများ တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ လယ်ဧက ၁၀၀ တွင် တောင်သူ ၉ ဦးနှင့် အိမ်ထောင်စု ၃၉ စုရှိပြီး လယ်သမားများတွင် သီးနှံခွန်ပြေစာ၊ မြေခွန်ပြေစာ၊ စိုက်ပျိုးမြေခွန်ပြေစာ အထောက်အထားများကို မေလ ၁၅ ရက်တွင် ကျောက်တန်းမြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီမှ ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း လယ်သမား ကိုမင်းလွင်က ပြောကြားသည်။

ညှိနှိုင်းမှုတွင် မူလတောင်သူများလုပ်ကိုင်ခဲ့သည် သီးနှံအခွန်ပြေစာများ၊ လယ်မြေအခွန်ပေးဆောင်ခဲ့သည့် ပြေစာအခွန် အထောက်အထားများကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေးမြန်းခဲ့ကြောင်း ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောကြားသည်။

“ဆယ်စုနှစ်ကျော် လုပ်စားခဲ့တဲ့ လယ်သမားတွေ နစ်နာကြေးပေးဖို့ကို ကျွန်မသဘောထားကို တင်ပြခဲ့တယ်။ အရင်အစိုးရက ဥပဒေမဲ့သိမ်းခဲ့တာကို ကုစားစေချင်တယ်။ အကြမ်းဖက်ဖြိုခွင်းတာတော့ ရုပ်ဆိုးလွန်းပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်တန်းမြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းဌေးက “ခရိုင်က မပြောသေးဘူး။ ဒီနေ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်တယ်။ နောက်မှဖြေပေးလို့ရမယ်။ အခုမသိသေးဘူး”ဟု ဆိုသည်။

သီလဝါဆိပ်ကမ်းတွင် ရဲဝန်ထမ်းများနှင့် တောင်သူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွင် ပါဝင်သူများကို ဆက်လက်ဖမ်းဆီးမည်ဟု သီလဝါရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်သူသုံးဦးကို ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု ပုဒ်မ ၃၃၂ ဖြင့် သီလဝါရဲစခန်းမှ ရဲမှူးက တရားလိုလုပ်ကာ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကျောက်တန်းမြို့ သီလဝါဆိပ်ကမ်းအနီး မြေဧက ၁၀၀ တွင် ဦးပိုင်ကုမ္ပဏီမှ အင်အားသုံးသိမ်းယူရန် ပြုလုပ်စဉ် ဒေသခံမြေပိုင်ရှင်များနှင့် ကုမ္ပဏီမှ အလုပ်သမားများ ထိပ်တိုက်တွေ့ဆုံ၍ မေလ ၁၂ ရက်က ရုန်းရင်ဆန်ခတ်ဖြစ်ပွားခဲ့သည်။

J-18

  • VIA