News

POST TYPE

NEWS

လှိုင်သာယာမှ အနှိပ်ခန်းဖွင့်ရန် စီစဉ်သူများကို လ.ဝ.က အပါအဝင် စည်ပင်ဥပဒေတို့ဖြင့် အရေးယူ
14-May-2018

ရန်ကုန်၊ မေ ၁၄

လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက်၊ နဝဒေးအိမ်ရာရှိ ဟွေခ်တုံး တရားမဝင် အနှိပ်ခန်းဖွင့်ရန် စီစဉ်သူ တရုတ်နိုင်ငံသားပါ ငါးဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ အပါအဝင် စည်ပင်ဥပဒေတို့ဖြင့် အရေးယူထားကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီနေ့ တရုတ်နိုင်ငံသားနဲ့ အားလုံးကို မြို့နယ်တရားရုံးမှာ တရားစွဲတင် စစ်ဆေးနေပါပြီ။ အနှိပ်ခန်းက လုပ်ငန်းလိုင်စင်လည်း မရှိဘူး”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် တရားမဝင် အနှိပ်ခန်းဖွင့်သူ တရုတ်နိုင်ငံသားကို နိုင်ငံခြားအက် ဥပဒေပုဒ်မ ၅ (၁)ဖြင့် စစ်ဆေးလျက်ရှိပြီး လုပ်ငန်းလိုင်စင်မရှိမှု၊ အဆောက်အအုံကို ခွင့်ပြုမဲ့ ချဲ့ထွင်မှုတို့ကြောင့် အခန်းပိုင်ရှင်ကို စည်ပင်သာယာ ဥပဒေပုဒ်မ ၆၈ နှင့် ပုဒ်မ ၆၉ အပါအဝင် ပြည်ပနိုင်ငံသားရောက်ရှိမှုကို အသိပေး တိုင်ကြားမှုမရှိသော နိုင်ငံခြားသား အက်ဥပဒေ ပုဒ်မ ၅(၁)တို့ဖြင့် အသီးသီး အရေးယူထားကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှသိရသည်။

“ပုဒ်မတွေက ရဲစခန်းမှာ ဖွင့်ထားတဲ့ ပုဒ်မတွေအတိုင်းပဲ”ဟု လှိုင်သာယာမြို့နယ်တရားရုံး၊ မှုခင်းမှတ်တမ်း ရဲဌာနတာဝန်ရှိသူ တစ်ဦးကဆိုသည်။ 

တရားမဝင် အနှိပ်ခန်းသို့ ဝင်ရောက်စစ်ဆေးရာတွင် ငှားရမ်းထားသော အခန်းသုံးခန်း၌ အနှိပ်ခန်းပုံစံ ပြန်လည် အခန်းဖွဲ့ထားသော အခန်း ၃၃ ခန်း၊ မွေ့ရာ ၂၁ ခု အပါအဝင် နှိပ်ခုတင် ၁၉ လုံးတို့ကို သက်သေခံပစ္စည်းများအဖြစ် ရှာဖွေသိမ်းဆည်းနိုင်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ထံမှသိရသည်။

ဟွေခ်တုံး တရားမဝင် အနှိပ်ခန်း၌ လုပ်ကိုင်လိုသူ မိန်းကလေးများကို လစာ ၁၀ သိန်းနှင့် ၆ သိန်းကြား လစာပေးမည်ဟု ယခုနှစ် မေလ ၁၀ ရက်က ဆိုင်းဘုတ်စိုက်ထူခဲ့ပြီးနောက် ဒေသခံပြည်သူ အချို့က သတင်းပေးပို့ခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့နှင့် လ.ဝ.က အရာရှိများ ပူးပေါင်း စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

အလားတူ ရန်ကုန်မြို့၌ တရားမဝင် ပုဂ္ဂလိက ဆေးခန်းများကို တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် တရားမဝင် နိုင်ငံခြားသား ဆေးကုသမှု ရှိ မရှိ၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းလိုင်စင် ရှိ မရှိ အပါအဝင် မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေတို့ဖြင့် ညီညွှတ်မှု ရှိ၊ မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေး၍ အရေးယူလျက်ရှိပြီး ယခုနှစ်အတွင်း ပုဂ္ဂလိကဆေးခန်း ၃ ခုကို အရေးယူထားသည်။

J-17