News

POST TYPE

NEWS

အီရန်နျူကလီးယားစာချုပ် ဆက်လက်တည်မြဲရေး ဥရောပနိုင်ငံများကြိုးပမ်း
14-May-2018

ဘာလင်၊ မေ ၁၃

အီရန်နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆုံးဖြတ်ခဲ့ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့ပြီးနောက် စာချုပ် ဆက်လက်တည်မြဲရေးအတွက် ဥရောပနိုင်ငံများက သံတမန်နည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်နေသည်ဟု BBC သတင်းတွင် ဖော်ပြသည်။

ဂျာမနီအဓိပတိ မာကယ်လ်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆက်သွယ်ဆွေးနွေးခဲ့သလို ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေသည်လည်း ထရမ့်နှင့် ဆက်သွယ်ဆွေးနွေးခဲ့သည်ဟုသိရသည်။

ထရမ့်လုပ်ရပ်အပေါ် ပြင်သစ်ဝန်ကြီးများက အပြင်းထန်ဆုံးကန့်ကွက်ထားကြပြီး အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ပါက ဥရောပစီးပွားရေးလုပ်ငန်းကြီးများအထိ နာနိုင်သည်ဟု ထောက်ပြထားသည်။

ထရမ့်က သဘောတူစာချုပ်မှာ စိတ်ပျက်ဖွယ်ရာဖြစ်ပြီး အီရန်အပေါ် ထိန်းချုပ်ထားမှုများမှာ ကာလသတ်မှတ်ချက်ရှိပြီး အီရန်၏ ပဲ့ထိန်းဒုံးကျည်စီမံချက် သို့မဟုတ် ဒေသတွင်း ဝင်ရောက်စွက်ဖက်မှုများအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိဟု ဝေဖန်ထားသည်။

ပြီးခဲ့သည့် အင်္ဂါနေ့တွင် ထရမ့်က ရွေးကောက်ပွဲကတိအတိုင်း အီရန်နျူ သဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး အရေးယူပိတ်ဆို့မှုများကို အဆင့်နှစ်ဆင့်ဖြင့် ဩဂုတ်နှင့် နိုဝင်ဘာတွင် ပြန်လည်ချမှတ်သွားမည်ဖြစ်သည်။

သဘောတူညီချက်အရ အီရန်သည် နျူကလီးယားဗုံးထုတ်လုပ်မည့်အစီအစဉ်များကို ရပ်ဆိုင်းပေးရမည်ဖြစ်ပြီး အပြန်အလှန်အနေနှင့် အင်အားကြီးနိုင်ငံများက အရေးယူပိတ်ဆို့မှုများဖျက်သိမ်းပေးရမည်ဖြစ်သည်။

အီရန်အပေါ် အရေးယူပိတ်ဆို့မှု ဖြေလျှော့ပြီး စီးပွားရေးလုပ်နေသည့် ဥရောပလုပ်ငန်းကြီးများမှာ ထရမ့်ဆုံးဖြတ်ချက်ကြောင့် ဒေါ်လာဘီလျံချီ ဆုံးရှုံးနစ်နာရမည့်အခြေအနေရှိနေသည်။

ဥပမာအားဖြင့် ဥရောပလေယာဉ် ကုမ္ပဏီ Airbus က အီရန်သို့ လေယာဉ်အစီး ၁၀၀ ရောင်းမည့် သဘောတူစာချုပ်မှာ ပျက်ပြားရတော့မည့်အခြေအနေရှိသည်။ အဆိုပါလေယာဉ်များတွင် အသုံးပြုထားသည့် အစိတ်အပိုင်းအချို့မှာ အမေရိကန်လုပ် ဖြစ်နေသည်။

ပြင်သစ်လုပ်ငန်းကြီးများဖြစ်သော စွမ်းအင်ကုမ္ပဏီတိုတယ်၊ ကားကုမ္ပဏီ ရေးနော့နှင့် ပူးဇိုးတို့မှာလည်း အီရန်တွင် ရင်းနှီးမြှုပ်နှံထားသည်။

၂၀၁၆ တွင် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပြီးနာက် ပြင်သစ်နှင့် ဂျာမနီနှစ်နိုင်ငံစလုံး၏ အီရန်သို့ပို့ကုန်တင်ပို့မှုမှာ တစ်ဟုန်ထိုးမြင့်တက်ခဲ့သည်။

F-03