News

POST TYPE

NEWS

ဒူးရင်းသီးစားပွဲတော်သို့ လူတစ်သောင်းဝန်းကျင်တက်
13-May-2018



ဘားအံ၊ မေ ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာအုပ်စုတွင် ကျင်းပသော ဒူးရင်းသီးစားပွဲတော်သို့ ကရင်ပြည်နယ်ရှိ ဒေသအသီးသီးမှ လာရောက်သူ တစ်သောင်းဝန်းကျင်ရှိခဲ့သည်ဟု ပွဲတော်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

ယခုနှစ်သည် ဆက်သွယ်ရေးစနစ်များ ကောင်းမွန်လာခြင်း၊ ပွဲတော်ရှိရာလမ်းမှာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်လိုက်၍ သွားလာရေး လွယ်ကူသွားခြင်းတို့ကြောင့် ပါဝင်ဆင်နွှဲသူမှာ ယခင်ထက် နှစ်ဆကျော် များပြားလာသည်ဟု ယင်းကော်မတီ တာဝန်ရှိသူများက ပြောဆိုသည်။

“ဒီနှစ်တော့ ဧည့်သည်လာတာ အများဆုံးပဲ၊ ပထမစီစဉ်ထားတာက ဒူးရင်းသီး အလုံးငါးထောင်ပဲ။ နာရီပိုင်းအတွင်းကုန်သွားလို့ မနက် ၉ နာရီလောက်မှာ ခဏနားတယ်၊ ခြံတွေကနေ ထပ်ပြီးပို့တာက အလုံးနှစ်ထောင်လောက် ထပ်ရတာ၊ ဘုန်းကြီးဆွမ်းစားအပြီး ၁၁ နာရီလောက်မှာ ထပ်ကျွေးတယ်”ဟု ပွဲဖြစ်မြောက်ရေးကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါ်နန်းတင်လှက ပြောကြားသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ ကိုးတိုင်ကျေးရွာ၊ တောင်ကြာအင်း၊ လောင်းကိုင်ဒေသသည် ကရင်ပြည်နယ်၏ ဒူးရင်းသီးအများဆုံးထွက်ရှိရာ ဒေသဖြစ်ပြီး ယခုနှစ်သည် ဒူးရင်းသီးအထွက်နှုန်းကျဆင်းကာ လာရောက်သည့် ဧည့်သည်များပြားလွန်းသည့်အတွက် အခက်အခဲအနည်းငယ် ရှိခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“အရင်နှစ်တွေကတော့ မရောက်ဖူးဘူး၊ လာရောက်ဆင်နွှဲသူတွေ အရမ်းများတာတွေ့ရပါတယ်၊ ၁၀ နာရီလောက်မှ ရောက်တော့ ဒူးရင်းသီးမစားလိုက်ရဘူး၊ ဒီပွဲတော်ကို လူတွေစိတ်ဝင်စားပြီး ဒီနှစ်လာတာ အရမ်းများတယ်လို့ သိရတယ်၊ ဆက်သွယ်ရေးစနစ်တွေ ကောင်းလာလို့ လူတွေပိုလာတာလို့ထင်တယ်”ဟု ကော့ကရိတ်မြို့မှ လာရောက်သူ မမီးမီးက ပြောကြားသည်။

ယင်းဒူးရင်းသီးစားပွဲတော် ကျင်းပသည်မှာ နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်သော်လည်း ယခင်မငြိမ်းချမ်းစဉ်ကာလက လူသိနည်းခဲ့ပြီး ၁၀ စုနှစ်အတွင်းမှသာ လူသိများလာကာ ယခုနှစ်တွင် ယင်းပွဲတော်သို့လာရောက်သူ အများဆုံးဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။ 

R-17

  • VIA