News

POST TYPE

NEWS

ကော့ကရိတ်၌ ဒူးရင်းသီး အခမဲ့စားသုံးနိုင်မည့် ပွဲတော်ကျင်းပမည်
11-May-2018

ဘားအံ၊ မေ ၁၀

ကရင်ပြည်နယ်၏ အကောင်းဆုံးဒူးရင်းသီးများထွက်ရှိရာ ဒေသအဖြစ်ထင်ရှားသော ကော့ကရိတ်မြို့နယ်၊ လောင်းကိုင်ကျေးရွာ၌ ဒူးရင်းသီးအခမဲ့စားသုံးနိုင်မည့်ပွဲတော် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ပွဲစီစဉ်သူများထံမှ သိရသည်။

အဆိုပါပွဲကို ကော့ကရိတ်မြို့နယ်၊ လောင်းကိုင်ရွာ၊ လောင်းကိုင်ကျောင်း ဓမ္မာရုံ၌ မေလ ၁၂ ရက်နေ့ နံနက် ၈ နာရီမှ ၁၁ နာရီအထိပြုလုပ်မည်ဖြစ်သည်။

“ဒူးရင်းသီးအထွက်များတဲ့ နှစ်တွေဆို ဒီပွဲကိုလုပ်လေ့ရှိတယ်။ ကျင်းပတဲ့အချိန် အတိအကျမရှိဘူး။ ဒူးရင်းသီးထွက်တဲ့ အချိန်ပေါ်မူတည်ပြီး ဒီပွဲကိုလုပ်တယ်။ အရင်နှစ်တွေကဆို ဝါဆိုလထဲမှာ လုပ်ခဲ့တယ်”ဟု ဘားအံမြို့ ဒေသခံတစ်ဦးက ပြောဆိုသည်။ 

ယင်းဒေသထွက် ဒူးရင်းသီးများကို စိတ်ကြိုက်စားသုံးနိုင်မည့် ပွဲတော်တစ်ခုဖြစ်ပြီး ယခင်နှစ်ကတစ်နေကုန်စားသုံး ခွင့်ပြုခဲ့သော်လည်း ယခုနှစ်၌ နံနက် ၈ နာရီမှ ၁၁ နာရီအတွင်းသာ စားသုံးရန် ကန့်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ဖိတ်စာအရ ကန့်သတ်ထားတဲ့သဘောပါ။ ဒီအချိန်ကျော်သွားလည်း စားချင်ရင် ထပ်စားလို့ရပါတယ်” ဟု အဆိုပါပွဲစီစဉ်သူတစ်ဦးဖြစ်သူ ဦးကျော်ကြီးက ပြောကြားသည်။

အဆိုပါပွဲကို ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အတွင်း ၂၀၀၆ ခုနှစ်က စတင်ပြုလုပ်ခဲ့သည်။ 

R-17