News

POST TYPE

NEWS

ရုရှားတွင် ဗလာဒီမာပူတင် စတုတ္ထအကြိမ်မြောက် သမ္မတသက်တမ်းအတွက် ကျမ်းကျိန်မှုမပြုမီ အတိုက်အခံများကိုဖိနှိပ်
07-May-2018



မော်စကို၊ မေ ၆

ရုရှားနိုင်ငံတွင် ဗလာဒီမာပူတင် ရုရှားသမ္မတအဖြစ် လေးကြိမ်မြောက် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆို ခြင်းမပြုခင် ရက်ပိုင်းအလိုတွင် အတိုက်အခံခေါင်းဆောင် အလက်ဇီနေဗယ်နီနှင့် အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ၁၆၀၀ ခန့်အား ရဲတပ်ဖွဲ့က ဆန္ဒပြပွဲတွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

အတိုက်အခံခေါင်းဆောင် အလက်ဇီ နေဗယ်နီက သမ္မတပူတင်၏ ဇာဘုရင်ဆန်သော အာဏာရှင်အုပ်ချုပ်မှုပုံစံကို ဆန့်ကျင်ပြီး ဆန္ဒပြကြရန် တိုက်တွန်းထားသည်။ သို့အတွက်ကြောင့် ရုရှားနိုင်ငံရှိ မြို့ပေါင်း ၉၀ ခန့်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ 

အတိုက်အခံခေါင်းဆောင် အလက်ဇီ နေဗယ်နီသည် အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုမခံရမီ မော်စကိုမြို့လယ်၌ ဆန္ဒပြသူလူအုပ်ကြီးကို တစ်ခဏတာမျှ မိန့်ခွန်းပြောခဲ့သည်။ 

“သူတို့တွေ ဇာဘုရင်လိုပဲ ကျဆုံးပါစေ။ သူတို့က ပြောတယ်၊ ဒီမြို့ကြီးဟာ ပူတင်နဲ့သက်ဆိုင်တယ်တဲ့၊ အဲဒါ မှန်ပါ့မလား။ ခင်ဗျားတို့တွေ ဇာဘုရင်ကို လိုအပ်သလား”ဟု အလက်ဇီနေဗယ်နီက လူအုပ်ကြီးကို ပြောကြားရာ ဆန္ဒပြလူအုပ်ကြီးက “မလိုဘူး”ဟု ပြန်ဖြေကြသည်။ 

ပြီးခဲ့သည့် မတ်လက ကျင်းပပြုလုပ်သော ရွေးကောက်ပွဲတွင် ဗလာဒီမာပူတင်သည် ပြန်လည် ရွေးကောက်တင်မြှောက်ခံခဲ့ရပေရာ နောက်ထပ်ခြောက်နှစ်တိတိ သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့် ရရှိသွားသည်။ ယင်းသို့ပြန်လည် ရွေးကောက်တင်မြှောက်ခြင်းခံရသောကြောင့် ပူတင်အနေနှင့် အာဏာရှင် ဂျိုးဇက်စတာလင်ခေတ်နောက်ပိုင်း ရုရှား၏ အာဏာသက်အရှည်ကြာဆုံး ခေါင်းဆောင် ဖြစ်လာလိမ့်မည်။ 

ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသော အတိုက်အခံခေါင်းဆောင် အလက်ဇီနေဗယ်နီ မိန့်ခွန်းပြောပြီးနောက် လူငယ်ဆန္ဒပြအင်အားစုများက “ပူတင်မရှိတဲ့ ရုရှား”၊ “ပူတင်ဟာ သူခိုးတစ်ယောက်” စသည်ဖြင့် အော်ဟစ်ကြသည်။ 

လူမှုကွန်ရက်များပေါ်တွင် တက်လာသော ဗီဒီယိုဖိုင်များတွင် အတိုက်အခံခေါင်းဆောင် အလက်ဇီနေဗယ်နီကို ရဲတပ်ဖွဲ့က လက်မောင်းနှင့် ခြေထောက်မှ မချီပြီး ဗင်ကားတစ်စီးပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားပုံများ ပါရှိသည်။ 

အခြား အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သည့် အီရာယာရှင်က ရုရှားရဲတပ်ဖွဲ့သည် အလက်ဇီနေဗယ်နီကို ရဲတပ်ဖွဲ့၏ အမိန့်မနာခံမှုဖြင့် အရေးယူရန် ပြင်ဆင်လျက်ရှိကြောင်း၊ ယင်းအမှုအရ အလက်ဇီနေဗယ်နီအနေနှင့် ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် ရက်ပေါင်း ၃၀ ချမှတ်ခံရနိုင်ကြောင်း ပြောကြားသည်။ 

ရုရှားအစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်ရန် ဦးဆောင်စည်းရုံးမှုကြောင့် မကြာခဏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော အလက်ဇီနေဗယ်နီက ယခုလို ချီတက်ဆန္ဒပြပွဲကြီး ဖြစ်မြောက်အောင် စီစဉ်နိုင်ခဲ့သည့်အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားသည်။

F-01

  • VIA