News

POST TYPE

NEWS

ရပ်မိရပ်ဖနှင့် တွေ့ဆုံဆွေးနွေးနေသော လွှတ်တော်ကိုယ်စားလှယ်ကို အော်ဟစ်ပြောဆို ဟန့်တားသူအား အမှုဖွင့်
ရန်ကုန်၊ မေ ၅

မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်၊ ဘုမ္မာလမ်းဘေးတွင် ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ လမ်းပြုပြင်ခင်းကျင်းနေသည့်ကိစ္စကို ညှိနှိုင်းဆောင်ရွက်နေသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အများသူငှာ ရှေ့တွင် အနိုင်အထက်ပြုပြီး အော်ဟစ်ပြောဆိုဟန့်တားခဲ့သော အမျိုးသားတစ်ဦးကို အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့် အရေးယူထားသော မြင့်ဝေ(စုံစမ်းဆဲ)မှာ ယင်းရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး မေလ၂ ရက် ညနေ ၅ နာရီခွဲက ဘုမ္မာလမ်းဘေးတွင် ရပ်မိရပ်ဖများနှင့် တွေ့ဆုံနေသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်ကြားစာများနှင့် အသနားခံစာများ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်ကို အများသူငှာ ရှေ့တွင် အနိုင်အထက်ပြုပြီး အော်ဟစ်ပြောဆို ဟန့်တားမှုများ ပြုလုပ်ခဲ့ကြောင်း အမှုဖွင့်တိုင်ချက်အရ ရဲအရာရှိ ထံမှသိရသည်။

“ဘုမ္မာလမ်းမကြီးကို လမ်းပြုပြင်နေချိန် လွှတ်တော်ကိုယ်စားလှယ် သွားရောက် စစ်ဆေးကြည့်ရှုတယ်။ ပြီးတော့ ရပ်မိရပ်ဖတွေနဲ့ လိုအပ်တာတွေ ညှိနှိုင်းဆွေးနွေးချိန်မှာ အမှုဖွင့်ခံရသူက ရောက်လာတာ ခင်ဗျားက ဘယ်သူလဲမေးတော့ ဟိုဘက်ကလည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ပါလို့ ပြန်ဖြေပေးတယ်။ ဒါကို ဒီလူကမပြီးသေးဘဲ လွှတ်တော်ကိုယ်စားလှယ်ကို ပြဿနာရှာခဲ့တာလို့ ပတ်ဝန်းကျင်က စုံစမ်းချက်အရ သိရတယ်။ အခုထိတော့ အမှုဖွင့်အရေးယူထားသူကို ဖမ်းမမိသေးပါဘူး”ဟု ရဲအရာရှိကပြောသည်။

အဆိုပါ အမှုဖွင့်ခံထားသူမြင့်ဝေက ဦးမြင့်လွင်ကို “ခင်ဗျားလာပြီး အာဏာမပြနဲ့၊ အမိန့်မပေးနဲ့၊ ဆရာလာ လုပ်စရာမလိုဘူး၊ ခင်ဗျားကို လုံးဝ ဂရုမစိုက်ဘူး၊ ကျုပ်လုပ်ချင်ရာ လုပ်မယ်”ဟု အော်ဟစ်ပြောဆိုခဲ့ကြောင်း အမှုဖွင့် တိုင်ချက်အရ ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03