News

POST TYPE

NEWS

နျူကလီးယားလက်နက်ကိစ္စတွင် အီရန် လိမ်ညာနေသောကြောင့် သဘောတူစာချုပ် ဖျက်သိမ်းရန် အစ္စရေးတောင်းဆို
02-May-2018



တဲလ်အဗစ်၊ မေ ၁

အီရန်နှင့် ချုပ်ဆိုထားသော ၂၀၁၅ နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန် နုတ်ထွက်ရန် ဖိအားကျရောက်လာနိုင်သော တီဟီရန်၏ လျှို့ဝှက်နျူကလီးယား အစီအစဉ် အထောက်အထားကို အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ထုတ်ဖော်လိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ သတင်းအချက်အလက်တွင် ပရောဂျက်အာမက်ဟုခေါ်သော နျူကလီးယားလက်နက်အစီအစဉ်နှင့်ပတ်သက်၍ အီရန်ခေါင်းဆောင်များက ၎င်းတို့၏ ပြည်သူများကို လိမ်ညာထားသည်ဟု ထောက်ပြထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားသည်။ သို့ရာတွင် သဘောတူစာချုပ်ကို ဖောက်ဖျက်သော အထောက်အထား ဟုတ်၊ မဟုတ်ကိုမူ ၎င်းက ပြောဆိုခြင်း မပြုပေ။

နေတန်ညာဟု၏ ပြောဆိုမှုသည် တီဟီရန်၏ ချိုးဖောက်မှုကို ညွှန်ပြနိုင်သော အထောက်အထား ဟုတ်ပုံမရသော်လည်း နျူကလီးယားသဘောတူစာချုပ်မှ နုတ်ထွက်လိုသူ သမ္မတထရမ့်၏ အကြံပေးများ၏ တင်ပြမှုကို အားကောင်းစေနိုင်သည်ဟု ထောက်လှမ်းရေးကျွမ်းကျင်သူများနှင့် သံတမန်များက မှတ်ချက်ပေးသည်။

နေတန်ညာဟုက ၎င်းတင်ပြသော အထောက်အထားများသည် ၂၀၁၅ စာချုပ်လက်မှတ်မထိုးမီ အချိန်ကာလက ဖြစ်သော်လည်း အီရန်သည် နျူကလီးယား နည်းပညာနှင့်ပတ်သက်သော အရေးကြီးဖိုင်များကို လျှို့ဝှက်ထိန်းသိမ်းထားပြီး နျူကလီးယားလက်နက်ဆိုင်ရာ ဗဟုသုတများကိုလည်း ဆက်လက်ဆည်းပူးနေသည်ဟု ပြောကြားသည်။

တီဟီရန်က နေတန်ညာဟုသည် ဝံပုလွေကို ငိုပြနေသော ကောင်ကလေးဖြစ်ပြီး ၎င်း၏ တင်ပြမှုသည် ဝါဒဖြန့်ခြင်းသာဖြစ်သည်ဟု တုံ့ပြန်ဝေဖန်လိုက်သည်။

အရှေ့အလယ်ပိုင်းမှ တနင်္လာနေ့က ပြန်ရောက်လာသော မိုက်ပွန်ပီယိုက ၎င်းနှင့် နေတန်ညာဟုတို့ တနင်္ဂနွေနေ့က တဲလ်အဗစ်တွင် တွေ့ဆုံစဉ် အဆိုပါအထောက်အထားများကို ဆွေးနွေးခဲ့ကြသည်ဟု သတင်းထောက်များအား ပြောကြားသည်။

ယင်းအထောက်အထားများအရ အနည်းဆုံး အီရန်ခေါင်းဆောင်များက ၎င်းတို့၏ ပြည်သူများကို ဆက်လက်လိမ်ညာနေသည်မှာ ထင်ရှားသည်ဟု ပွန်ပီယိုက ဆိုသည်။

အထောက်အထားများသည် အီရန်ဘက်မှ ချိုးဖောက်မှုကို ရည်ညွှန်းသလားဟု မေးမြန်းသောအခါ ပွန်ပီယိုက ထိုအချက်ကို ရှေ့နေများက ဆန်းစစ်နေပြီး သမ္မတကြီးက အပြီးသတ်ဆုံးဖြတ်လိမ့်မည်ဟု ဖြေကြားသည်။

မေလ ၁၂ ရက်အထိ ဥရောပမဟာမိတ်များနှင့် ညှိနှိုင်းမှု အဖြေမထွက်ပါက စာချုပ်မှာနုတ်ထွက်မည်ဟု ခြိမ်းခြောက်ထားသော သမ္မတထရမ့်က နေတန်ညာဟု ဤထုတ်ပြန်ကြေညာမှုအပြီးတွင် အစ္စရေးခေါင်းဆောင်၏မှတ်ချက်များကို ထောက်ခံသည်ဟု ပြောဆိုခဲ့သည်။

“အီရန်ဟာ နျူကလီးယားလက်နက်အစီအစဉ် လုံးဝမရှိခဲ့ဘူးလို့ လိမ်ညာခဲ့ပါတယ်။ လျှို့ဝှက်ဖိုင်ပေါင်း တစ်သိန်းလောက်က ဒီအချက်ကို ပြသနေပါတယ်။ ဒါ့အပြင် အနာဂတ်မှာ အသုံးပြုဖို့ နျူကလီးယားလက်နက်ဆိုင်ရာ ဗဟုသုတတွေကို ဆက်လက်တိုးချဲ့ဆည်းပူးနေပါတယ်” ဟု နေတန်ညာဟုက ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်က ယင်းအချက်အလက်များကို အမေရိကန်ပြည်ထောင်စုထံ မျှဝေမည့်အပြင် ပြင်သစ်နှင့် ဂျာမနီသို့ ကိုယ်စားလှယ်များ စေလွှတ်မည်ဖြစ်ကြောင်းနှင့် ရုရှားခေါင်းဆောင် ပူတင်နှင့်လည်း ဖုန်းဖြင့်ဆက်သွယ် ပြောဆိုခဲ့ကြောင်း ပြောကြားသည်။

အီရန် နျူကလီးယားလက်နက် အစီအစဉ်ကို နှစ်ပေါင်းများစွာ အကဲခတ်စောင့်ကြည့်လာခဲ့သူ အမည်မဖေါ်လိုသည့် အမေရိကန်ထောက်လှမ်းရေးအရာရှိ နှစ်ဦးကမူ အီရန်သည် သဘောတူစာချုပ်ကို ဖောက်ဖျက်မှု မရှိသေးကြောင်းနှင့် နေတန်ညာဟု၏ တင်ပြမှုများတွင်လည်း ထိုအချက်နှင့် ဆန့်ကျင်သော အထောက်အထားသစ်မတွေ့ရကြောင်း မှတ်ချက်ပေးပြောဆိုထားသည်။

အစ္စရေးသည် အရှေ့အလယ်ပိုင်းတွင် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသော တစ်ခုတည်းသောနိုင်ငံဟု ယုံကြည်ရပြီး ထိုအချက်ကို အစ္စရေးက ငြင်းဆိုခြင်း၊ အတည်ပြုခြင်းမရှိပေ။

F-04