News

POST TYPE

NEWS

ဓာတ်တိုင်တွင် ကြိုးတုပ်အပြစ်ပေးခံရသည့် ကလေးအတွက် ကလေးသူငယ် အခွင့်ရေးလှုပ်ရှားသူများ ဆွေးနွေး
ပြည်၊ ဧပြီ ၃၀

စက်ဘီးခိုးသည်ဟု စွပ်စွဲခံရသော ကိုးနှစ်အရွယ်ကလေးကို ၎င်း၏ ဆွေမျိုးတော်သူများက ပြည်မြို့ ရွှေဟင်္သာရပ်ကွက် သီတာရုံကျောင်းအနီးရှိ ဓာတ်တိုင်တွင် ကြိုးတုပ်ကာ နေပူထဲ၌ နှစ်နာရီခန့် အပြစ်ပေးမှုနှင့် ပတ်သက်၍ မြို့ပေါ်ရှိ လူ့အခွင့်အရေးလှုပ်ရှားသူများက လာရောက်ကာ ဆွေးနွေးခဲ့သည်။ 

ကလေးကို မိသားစုက ကြိုးဖြေလွှတ်ပေးပြီးနောက် လာရောက်ဆွေးနွေးသည့် ကလေးသူငယ်အခွင့်အရေးများ ကူညီသူ ကိုပုညက ကလေးကို ယင်းကဲ့သို့ အပြစ်မပေးသင့်ကြောင်း၊ ကလေးသူငယ် ဆိုးသွမ်း၍ မိသားစုက ထိန်းမရပါက လူငယ်ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းသို့ ပို့ဆောင်နိုင်ကြောင်း၊ ၎င်းထံမှလည်း အကူအညီ အကြံဉာဏ်များ တောင်းခံနိုင်ကြောင်းကို ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။ 

“ကလေးကို ခိုးတယ်ဆိုပြီး မိဘတွေက အပြစ်ပေးတာမျိုးက မလုပ်သင့်ဘူး၊ ကလေးကို အပြစ်ပေးတယ်ဆိုရင်လည်း အရမ်းပူပြင်းတဲ့ နွေရာသီမျိုး အများသူငါ သွားနေတဲ့လမ်းမမှာ အပြစ်ပေးတယ်ဆိုတာ လုံးဝမသင့်တော်ဘူး”ဟု ကလေးသူငယ်အရေး ကူညီနေသူ ကိုပုညက ပြောဆိုသည်။

အခြားကလေးတစ်ဦး၏ စက်ဘီးကို ခိုးသည်ဟု စွပ်စွဲကာ အသက် ၉ နှစ် အရွယ် ကလေးကို ဧပြီလ ၃၀ ရက် နံနက် ၁၁ နာရီခွဲမှ မွန်းလွဲ ၁ နာရီအထိ ၎င်း၏ ဆွေမျိုးတော်သူများက ဓာတ်တိုင်တွင် ကြိုးတုပ်ကာ စာချိတ်ဆွဲ၍ နေပူထဲ၌ အပြစ်ပေးခဲ့ကြောင်း၊ ယင်းအပြစ်ပေးမှု ဓာတ်ပုံနှင့် ဗီဒီယိုမှာ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများရှိခဲ့သည်။ 

“ကြီးလာရင် ဒီထက်ဆိုးလာမှာစိုးလို့ အဒေါ်တစ်ယောက်၊ အစ်ကိုတစ်ယောက်အနေနဲ့ သူ့အမေကို သွားခေါ်တော့လည်း ဈေးရောင်းမအားလို့ဆိုတာနဲ့ သူ့ကိုမှတ်လောက်အောင်လို့ လုပ်မယ်ဆိုပြီး ပညာပေးအနေနဲ့ လုပ်ထားလိုက်တာ၊ အမြဲတမ်းလည်း ဆိုးနေလို့ ကြီးလာရင် ဒီထက်မက ဆိုးသွားမှာစိုးလို့ သူ့ကို နောက်မလုပ်ရဲအောင် ပညာပေးလိုက်တာပါ”ဟု ကလေး၏ အဒေါ်တော်သူတစ်ဦးက ပြောသည်။ 

အပြစ်ပေးခံရသော ကလေး၏ မိသားစုမှာ အဒေါ်ဖြစ်သူ၏ခြံတွင် အဖီဆွဲကာ နေထိုင်နေရကြောင်း၊ ကလေးငယ်၏ မိဘများမှာ နေ့စဉ်အပြင်ထွက်ကာ အလုပ်လုပ်ကိုင်နေရသူများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

M-06