News

POST TYPE

NEWS

ဂါဇာနယ်စပ်တွင် အစ္စရေးစစ်တပ်၏ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ သုံးဦး သေဆုံး၊ ၄၀၀ ကျော် ဒဏ်ရာရ
29-Apr-2018



ဂါဇာ၊ ဧပြီ ၂၈

အစ္စရေးအစိုးရသည် ဆန္ဒပြသူများအပေါ် အင်အားအလွန်အကျွံသုံးနေသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်ကြီးက ဝေဖန်ခဲ့ပြီး နာရီပိုင်းအကြာ ဧပြီလ ၂၇ ရက်နေ့တွင် ဂါဇာနယ်စပ်ဒေသတစ်လျှောက် အစ္စရေးစစ်တပ်၏ပစ်ခတ်မှုကြောင့် ဆန္ဒပြသူသုံးဦးသေဆုံးခဲ့ပြီး ၄၀၀ ကျော်ဒဏ်ရာရခဲ့ကြောင်း Reuters သတင်းဌာနကဖော်ပြသည်။

ပါလက်စတိုင်းဒုက္ခသည်များ ပြန်လာခွင့်တောင်းဆိုခြင်းအပါအဝင် မတ်လ ၃၀ ရက်နေ့က စတင်ခဲ့သော နယ်စပ်ခြံစည်းရိုးတစ်လျှောက် ဆန္ဒပြပွဲတစ်လျှောက်ပါဝင်ခဲ့သော ဂါဇာဒေသရှိပါလက်စတိုင်း ဒေသခံများကို အစ္စရေးတပ်များက အင်အားသုံးနှိမ်နင်းမှုကြောင့် ၄၁ ဦး သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ပြီးဖြစ်သည်။

၂၅ မိုင်ရှည်သည် နယ်စပ်ခြံစည်းရိုး တစ်ဖက်ခြမ်းတွင် ခြေကုပ်ယူထားသော အစ္စရေးတပ်ဖွဲ့များက ဂါဇာဘက်ခြမ်းရှိ နေရာငါးနေရာမှ ဆန္ဒပြသူများကို ကျည်အစစ်၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ကျည်သင့်ဒဏ်ရာရသူများအပြင် မျက်ရည်ယိုဗုံးဒဏ်ကြောင့် ကုသရသူများလည်း ရှိနေသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဆန္ဒပြသူများကကျောက်တုံးများ၊ မီးရှို့ထားသောတာယာများဖြင့် ပြန်လည်ပစ်ပေါက်ခဲ့ပြီး အချို့ကလည်းစွန်များတွင် မီးရှို့ထားသောရေနံဆီပုလင်းကို ချိတ်ပြီး အစ္စရေးနယ်နိမိတ်ဘက်သို့ လွှတ်တင်ခဲ့သည်ဟု သိရသည်။

ဆန္ဒပြသူများနှင့်ခြံစည်းရိုးအကြား ကြားခံဇုန်အဖြစ် သံဆူးကြိုးများ ထပ်မံကာရန်ထားခဲ့ခြင်းကို ဆန္ဒပြသူအချို့က ဖယ်ရှားပစ်ခဲ့သည်။

ပါလက်စတိုင်းနိုင်ငံထူထောင်ရေး မျှော်မှန်းချက်မှေးမှိန်လာချိန်တွင် ရွေးချယ်စရာမရှိဖြစ်လာသော ပါလက်စတိုင်း လူငယ်များမှာ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည်။ ပါလက်စတိုင်း - အစ္စရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ နှစ်အတန်ကြာ ရပ်တန့်နေပြီး သိမ်းပိုက်ထားသော နယ်မြေများတွင် အစ္စရေးက တိုးချဲ့အိမ်ရာများ ချဲ့ထွင်ဆောက်လုပ်လျက်ရှိသည်။

F-03