News

POST TYPE

NEWS

ထားဝယ်တွင် လူငယ်များ အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်
27-Apr-2018

ထားဝယ်၊ ဧပြီ ၂၆ 

ထားဝယ်မြို့တွင် ဧပြီလ ၂၅ ရက် ညက အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်များ၏ အကြောင်းမဲ့ အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူသုံးဦးဒဏ်ရာရရှိပြီး ဆိုင်ခန်းတစ်ခန်း ဖျက်ဆီးခံခဲ့ရသည်။

ယင်းနေ့ ည ၉ နာရီကျော်ခန့်တွင် လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင် ကျေးရွာသားနှစ်ဦး ထားဝယ်မြို့ပေါ်တွင် မင်္ဂလာဆောင်ပစ္စည်းများဝယ်ယူပြီးအပြန်တွင် နခံတောရွာပိုင် လူပြတ်သည့်နေရာတွင် အုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရကြောင်း တောင်မင်းပြောင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဝင်းကိုလတ်က ပြောသည်။

ထိုညတွင်ပင် ဦးခေါင်းဒဏ်ရာဖြင့် ရဲကင်းရှေ့ရောက်လာသူတစ်ဦးအား သာယာကုန်းကျေးရွာအထိ ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း ကမြောကင်း တံတားရဲကင်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းသည် လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာသားတစ်ဦးဖြစ်ပြီး ထားဝယ်မြို့တွင်းတစ်နေရာတွင် ဦးခေါင်းကို အရိုက်ခဲ့ရကြောင်း သိရသည်။

၎င်းအပြင် ယင်းနေ့ည ၁၂ နာရီခန့်တွင်လည်း ထားဝယ်မြို့ပေါ် ဝဲကျွန်းထိန် သစ်ရပ်ကွက်ရှိ QUEEN အအေးဆိုင်ရှိ စားပွဲခုံတစ်ခုနှင့် အအေးဘူးများထည့်သည့် မှန်ပုံးတစ်ပုံအား လူငယ် ၇ ဦးခန့်က လာရောက်ဖျက်ဆီးခြင်းကို ခံခဲ့ရကြောင်း ဆိုင်ပိုင်ရှင် ဒေါ်မေမေဦးက ပြောသည်။

“ကျွန်မတို့မှာ ဘာရန်ငြိုးရန်စလည်း မရှိဘဲနဲ့ ဒီလိုလာလုပ်သွားတယ်”ဟု ဒေါ်မေမေဦးက ဆိုသည်။

ဒဏ်ရာရသူသုံးဦးတွင် နှစ်ဦးကို ဆေးရုံတင်ထားရပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ရန် ထားဝယ်မြို့မရဲ စခန်းနှင့်ပူးပေါင်းကာ သတင်းစုဆောင်းခြင်းများ ဆောင်ရွက်နေကြောင်း လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းမှ ရဲအုပ်သက်ဦးက ပြောသည်။

ယင်းဖြစ်စဉ်တွင် ပါဝင်သည့် ကျေးရွာနှင့် ရပ်ကွက်တို့တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ ညဘက်ကင်းစောင့်ခြင်း၊ သတိထားစောင့်ကြည့်ခြင်းများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Dawei Watch