News

POST TYPE

NEWS

ပြည်တွင် နှမ်းမျိုးစိတ်​အသစ်​ စမ်းသပ်​စိုက်​ပျိုးမှု အထွက်​နှုန်းလျော့
27-Apr-2018 tagged as



ပြည်​၊ ဧပြီ ၂၆

ပြည်​မြို့နယ်​အတွင်း JICA ၏အကူအညီဖြင့် နွေသီးနှံနှမ်းမျိုးစိတ်​အသစ်​ စမ်းသပ်​စိုက်ပျိုးမှုတွင် နည်းပညာလိုက်နာမှု အားနည်း၍ အထွက်​နှုန်းလျော့နည်းခဲ့ကြောင်း PROFIA (ပဲခူးတိုင်းဒေသကြီး၊ အနောက်ပိုင်း အကျိုးအမြတ်ဖြစ်ထွန်းစေမည့် ရေသွင်းစိုက်ပျိုးရေးစီမံကိန်း) မှ တာဝန်​ရှိသူများနှင့် ဒေသခံ​တောင်​သူများက ​ပြောကြားသည်။

ယခင်နှစ်များက နွေစပါးသာစိုက်ပျိုးခဲ့ရာမှ သီးနှံတစ်ခုတည်းကိုသာ ဆက်တိုက်စိုက်ပျိုးခြင်းကြောင့် အထွက်နှုန်းကျခြင်း၊ နွေစပါးရိတ်သိမ်းချိန် နောက်ကျသဖြင့် မိုးစပါးစိုက်ရာသီတွင် ကသီခြင်းနှင့် ရေသွင်းစိုက်ပျိုးရာတွင် ရေမလုံလောက်ခြင်း စသည့်အခက်အခဲများကြုံတွေ့နေရသဖြင့် အခြားသောအစားထိုးသီးနှံကို စိုက်ပျိုးရန် တောင်သူများအနေနှင့် ဆန္ဒရှိခဲ့ပြီး JICA နှင့် PROFIA တို့က နွေနှမ်းကို စမ်းသပ်​စိုက်​ပျိုးရန်​ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်​။

“သူတို့ပြောတဲ့နည်းအတိုင်း အသေအချာစိုက်မယ်ဆိုရင်တော့ တစ်ဧကကို တင်း ၂၀ လောက်တောင် ထွက်ဖို့ဖြစ်နိုင်ပါတယ်”ဟု ပေါင်းတည်မြို့၊ အုပ်ဆွဲကျေးရွာကွင်းမှ မျိုးစပါးနှင့် မျိုးသန့်ထုတ်လုပ်သူ တောင်သူဦးအောင်နိုင်ဝင်းက ပြောဆိုသည်။ 

ယင်းဒေသတွင် စပါးပြီးပါကပဲ စိုက်ပျိုးလျက်ရှိရာ မတ်ပဲဈေးမှာ ဈေးကျဆင်းမှုနှင့် ကြုံတွေ့နေရပြီး တောင်သူများအနေနှင့် တွက်ခြေမကိုက်တော့ကြောင်း၊ ယင်းကြောင့် ဈေးကွက်တည်ငြိမ်သည့် နှမ်းကိုသာ တောင်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်း၊ နွေနှမ်းစိုက်ပျိုးရာတွင် တစ်ဧကလျှင်လေးတင်းထွက်ပါက စိုက်ပျိုးစရိတ်ကျေသဖြင့် နှမ်းကို ပြောင်းလဲစိုက်ပျိုးသင့်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။ 

အဆိုပါ နှမ်းကို ဇန်​နဝါရီလလယ်ပိုင်းတွင် စတင်စိုက်ပျိုးနိုင်ပြီး ရက်ပေါင်း ၉၀ ပြည့်ပါက ရိတ်သိမ်းနိုင်ကြောင်း၊ ယခင်က နွေနှမ်းစိုက်ပျိုးမှုမှာ အင်မတန်နည်းပါးပြီး PROFIA အဖွဲ့၏ လမ်းညွှန်မှုဖြင့် သံပုရာပင်ကျေးရွာတွင် ဧကပေါင်း ၆၀ ကျော် စိုက်ပျိုးပြီး တောင်သူအချင်းချင်း စိုက်နည်းများယူ၍ စိုက်ပျိုးသည့် ဧကမှာ ၉၀ ဧက ကျော်ရှိကြောင်း၊ ရေသွင်းစိုက်ပျိုးရာတွင် နွေစပါးတစ်ဧကအတွက် ရေကို နှမ်းတွင် သုံးဧကအထိ အသုံးပြုနိုင်သည့်အတွက် ရေကိုအကျိုးရှိရှိ အသုံးချနိုင်ကြောင်း၊ ဈေးကွက်အခြေအနေအရ နှမ်း​ဈေးငြိမ်နေပြီး တောင်သူများ နည်းပညာအတိုင်း ကြိုးစားပြီးလုပ်ကိုင်ပါက အရည်အသွေးကောင်းလျှင် ဈေးကောင်းပိုမိုရရှိနိုင်သည့်အတွက် တောင်သူများအကျိုးအမြတ် ပိုမိုရရှိနိုင်ကြောင်း PROFIA အဖွဲ့မှ စီမံကိန်းလက်ထောက် ဦးသန့်ဇင်မောင်က ပြောဆိုသည်။

M-06

  • TAGS