POST TYPE

NEWS

ရဲမှူးကြီးငါးဦးကို ယာယီရဲမှူးချုပ်ရာထူးတိုး ခန့်အပ်
26-Apr-2018 tagged as

ရန်ကုန်၊ ဧပြီ ၂၆

ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီလ ၂၆ ရက်နေ့တွင် အဆင့်မြင့်ရဲအရာရှိအချို့ကို ရာထူးတိုးအပြောင်းအရွှေ့များ ပြုလုပ်ခဲ့ရာတွင် ရဲမှူးကြီးငါးဦးမှာ ယာယီရဲမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး ဒုရဲမှူးကြီး ၁၄ ဦးမှာ ရဲမှူးကြီးအဆင့် ရာထူးတိုးမြှင့်ခံရကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ယင်းအပြင် ရဲဌာနတွင် ယခုအကြိမ်မှ စတင်ဖွင့်လှစ်သော ရဲရာထူးခန့်ချုပ် ဌာနကြီးသို့ ရဲလေ့ကျင့်ရေးအရာရှိကျောင်းမှ ရဲမှူးချုပ် ဇော်မိုးသန့်ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် လွှဲအပ်ခဲ့သည်။ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်အောင်ကို ရဲလေ့ကျင့်ရေး အရာရှိကျောင်းသို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်။ အမှတ်(၃) လုံခြုံရေးရဲ ကွပ်ကဲမှုအဖွဲ့မှ ကွပ်ကဲရေးမှူး ယာယီ ရဲမှူးချုပ်မျိုးသန်းကို ရဲဦးစီးအရာရှိချုပ် အဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်။

“ဒီနှစ်ရာထူးတိုး အပြောင်းအရွှေ့မှာ ထူးခြားတာက အသစ်စဖွင့်လိုက်တဲ့ ရဲရာထူးခန့်ချုပ်ဌာနကြီးရယ် ပြီးတော့ ယာယီရဲမှူးချုပ်ဖြစ်ပေမယ့် ရဲဦးစီး အရာရှိချုပ်အထိ ခန့်အပ်ခံရတာရယ်ပေါ့”ဟု အမည်မဖော်လိုသည့် အကြီးတန်းအဆင့် ရဲအရာရှိကြီးတစ်ဦးက ဆိုသည်။

ရဲမှူးကြီးအဆင့်မှ ယာယီရဲမှူးချုပ်အဆင့် ရာထူးတိုးမြှင့်ခံရသူများဖြစ်သော အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ထွန်းအောင်မှာ အမှတ် (၁) လုံခြုံ ရေးရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူးအဖြစ်လည်းကောင်း၊ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်မှာ အမှတ် (၃)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူးအဖြစ်လည်းကောင်း၊ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်မှာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ မှုခင်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး စိုးနိုင်ဦးမှာ မှုခင်းရဲတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ လေကြောင်းရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး သက်ဝေမှာ လေကြောင်းရဲတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း ရာထူးတိုးမြှင့် ပြောင်းရွှေ့ပေးအပ်ခံရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းအပြင် နေပြည်တော် ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး ထက်လွင်ကို ကချင်ပြည်နယ် တပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေကို နေပြည်တော်တပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး အုန်းကျော်ကို ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်ကို အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းမှ ဒုကျောင်းအုပ်ကြီး ရဲမှူးကြီး ကျော်ထွန်းကို ရေနံမြေ လုံခြုံရေး ရဲတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ မှုခင်းရဲတပ်ဖွဲ့ ဌာနမှူး ရဲမှူးကြီး အောင်သူကို မှုခင်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ အမှတ် (၁) လုံခြုံရေးရဲကွပ်ကဲမှုမှ အဖွဲ့ခွဲမှူး ရဲမှူးကြီး ဥက္ကာကိုအား ရဲအရာရှိ လေ့ကျင့်ရေးကျောင်းမှ ဒုကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းနိုင်ကို ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ လေကြောင်းရဲတပ်ဖွဲ့ ကွပ်ကဲမှုအဖွဲ့ခွဲမှူး ရဲမှူးကြီး ဝင်းမင်းသိန်းကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့တာဝန်များ အသီးသီး ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ရဲမှူး၊ ဒုရဲမှူးအဆင့် ရာထူးရှိသူများကို ရာထူးတိုးပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် အမိန့်စာ ထုတ်ပြန်ခဲ့သည်။

S-03

  • TAGS