News

POST TYPE

NEWS

ပညာရေးဝန်ထမ်းများကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခွင့် တောင်းခံပါက အမြန်ဆုံး ခွင့်ပြုမည်
26-Apr-2018

တောင်ငူ၊ ဧပြီ ၂၅

နိုင်ငံ့ဝန်ထမ်းဖြစ်သော ပညာရေးဝန်ထမ်းများကို အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးချိန်မှ တရားစွဲဆိုချိန်ကြား ကြိုတင် ထွက်ပြေး တိမ်းရှောင်မှုများ များပြားနေခြင်း ကြောင့် တရားစွဲဆို အရေးယူဖမ်းဆီးချုပ်နှောင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC Myanmar)မှ သက်ဆိုင်ရာ ဝန်ထမ်းအကြီးအကဲထံ ခွင့်ပြုချက် တောင်းခံလာပါက အမြန်ဆုံးခွင့်ပြုမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပညာရေးဝန်ကြီးဌာနလက်အောက် အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများထံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တိုင်ကြားခံရသူများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးချိန်မှ တရားစွဲဆိုချိန်ကြားတွင် ကြိုတင်သိရှိ ထွက်ပြေးတိမ်းရှောင်မှုများ ပေါ်ပေါက်နေသည့်အတွက် ယင်းကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာနမှ ယင်းကဲ့သို့ ဌာနလက်အောက် ဝန်ထမ်းများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုခွင့် တောင်းခံလာပါက အမြန်ဆုံးခွင့်ပြုပေးရန် ညွှန်ကြားလွှာကို ကောလိပ်သို့ ဧပြီလ ဒုတိယပတ်ခန့်ကတည်းက ရောက်ရှိထားကြောင်း တက္ကသိုလ် ကျောင်းအုပ်ကြီးတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ညွန်ကြားစာနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ညွန့်ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် အစည်းအဝေး တက်နေသည်ဟု အမျိုးသမီးတစ်ဦးက ဆိုသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်ကြည် တာဝန်ယူပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီအစိုးရလက်ထက် အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးများ ကွပ်ကဲရေးဦးစီးဌာန(FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို ဧပြီ ၂၀ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိရဲစခန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။

R-15