News

POST TYPE

NEWS

အင်ဒိုနီးရှား ကလေးမောင်နှံ ကန့်ကွက်မှုများကြားမှ လက်ထပ်
26-Apr-2018



ဂျကာတာ၊ ဧပြီ ၂၅

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီတွင် ကလေးစုံတွဲသည် ဝေဖန်ကန့်ကွက်မှုများကြားမှ လက်ထပ်ခွင့်ရရန် အချိန်အတန်ကြာ တိုက်ပွဲဝင်ခဲ့ပြီးနောက် ယခုသီတင်းပတ်တွင် လက်ထပ်ခဲ့ကြသည်ဟု BBC သတင်းတွင်ဖော်ပြထားသည်။

အသက် ၁၅ နှစ်အရွယ် ယောကျာ်းလေးနှင့် ၁၄ နှစ်အရွယ် မိန်းကလေးတို့သည် ဘာသာရေးခုံရုံးထံမှ လက်ထပ်ခွင့် ရရှိသွားခြင်းဖြစ်သည်။

ထိုဖြစ်ရပ်သည် ပြည်တွင်း၊ ပြည်ပတွင် ပြစ်တင်ဝေဖန်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။ ယခုအခါ အစိုးရက ဥပဒေကို ပြင်ဆင်ရန် စီစဉ်နေပြီဖြစ်သည်။

မွတ်ဆလင်လူများစု နေထိုင်သော အင်ဒိုနီးရှားသည် ကမ္ဘာတွင် ကလေးသတို့သမီး အရေအတွက် အမြင့်ဆုံးနိုင်ငံများထဲတွင် ပါဝင်သည်။

လက်ရှိတွင် လက်ထပ်နိုင်သော အနိမ့်ဆုံးအသက်မှာ မိန်းကလေးများအတွက် ၁၆ နှစ်နှင့် ယောကျာ်းလေးများအတွက် ၁၉ နှစ် ဖြစ်သော်လည်း ဘာသာရေးခုံရုံးများက ခြွင်းချက်ပေးနိုင်ပြီး မကြာခဏ ထိုသို့ ပြုလုပ်လေ့ရှိသည်။

သတို့သမီးက ၎င်းတို့၏ လက်ထပ်မှုသည် ကံတရားဖြစ်ပြီး ၎င်းတို့ ချိန်းတွေ့ခဲ့ကြသည်မှာ ငါးလခန့်ရှိပြီဖြစ်ကြောင်း၊ မိဘများက သိရှိသွားသည့်အခါ လက်ထပ်ရန် တိုက်တွန်းခဲ့ကြောင်း သတင်းထောက်များကို ပြောကြားသည်။

သတို့သမီး၏ မိခင်သည်လည်း ၁၄ နှစ်အရွယ်က လက်ထပ်ခဲ့သည်ဟု ဆိုသည်။

ကလေးစုံတွဲ၏ လက်ထပ်ရန် လျှောက်ထားမှုကို ဘာသာရေးဆိုင်ရာဌာနက အသက်ငယ်လွန်းသည်ဟု ပြောကြားကာ ပယ်ချခဲ့ပြီးနောက် ထိုစုံတွဲ၏ မိဘများက ဘာသာရေးခုံရုံးသို့ တနင်္လာနေ့က လျှောက်ထားရာမှ လက်ထပ်ခွင့် ရရှိသွားခြင်းဖြစ်သည်။

အင်ဒိုနီးရှားတွင် အမျိုးသမီး ၁၄ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ် မပြည့်မီ လက်ထပ်ကြပြီး ၁ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ် မပြည့်မီ လက်ထပ်ကြသည်ဟု Unicef ၏ အဆိုအရ သိရှိရသည်။

ယခု ကလေးစုံတွဲ၏ ဖြစ်ရပ်သည် နိုင်ငံသားများ၊ ဘာသာရေး ကျွမ်းကျင်သူများထံမှ ကန့်ကွက်မှုများ ထွက်ပေါ်လာစေခဲ့ပြီး လူမှုမီဒီယာများတွင် အထူးအာရုံစိုက်ခြင်းခံခဲ့ရသည်။

ယခုအခါ သမ္မတဝီဒိုဒိုက ကလေးသူငယ် လက်ထပ်မှုကို ရပ်ဆိုင်းရန်အတွက် လက်ထပ်နိုင်သည့် အသက်သတ်မှတ်ချက်ကို တိုးမြှင့်မည့် ဥပဒေသစ်ကို ပြဋ္ဌာန်းရန် စီစဉ်နေပြီဟု ပြောကြားလိုက်ပြီဖြစ်သည်။

ဘာသာရေးဆရာများကလည်း မိန်းကလေးများ လက်ထပ်နိုင်သည့် အသက်အရွယ်ကို ယခု ၁၆ နှစ်မှ ၁၈ နှစ်သို့ တိုးမြှင့်ရန် အစိုးရကို တိုက်တွန်းထားကြသည်။

ထို့ပြင် ကလေးသတို့သမီးများအနက် အများစုမှာ ပညာဆက်လက် သင်ကြားခွင့်မရခြင်း၊ ထက်ဝက်ခန့်မှာ ကွာရှင်းပြတ်စဲခြင်းနှင့် အဆုံးသတ်ရခြင်း စသည့်အချက်များကိုလည်း အမျိုးသမီး ဘာသာရေးဆရာမများက ထောက်ပြကြသည်။

ကလေး သူတို့သမီးများသည် အိမ်တွင်း အကြမ်းဖက်ခံရခြင်းကိုလည်း တွေ့ကြုံရနိုင်ခြေများသည်ဟု Human Rights Watch လူ့အခွင့်အရေးအုပ်စုက ပြောကြားသည်။  

F-04

  • VIA