News

POST TYPE

NEWS

သဘင် (ဗဟို) နှင့် မန္တလေးသဘင်ပညာရှင်များ တွေ့ဆုံ
26-Apr-2018



မန္တလေး၊ ဧပြီ ၂၅

သဘင်ညီလာခံကျင်းပပြီးနောက် ပြန်လည်ရွေးချယ်ထားသည့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် မန္တလေးတိုင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ဇာတ်သဘင်ပညာရှင်များ ဧပြီလ ၂၅ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

မန္တလေးမြို့တော်ရှိ ဂရိတ်ဝေါလ်ဟိုတယ်၌ ပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲတွင် ဇာတ်သဘင်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“တွေ့မှနွေးထွေးမယ်။ တွေ့မှသူတို့ အခက်အခဲသိမယ်။ ကျွန်တော်တို့ရဲ့ သဘောထားကိုသိမယ်။ အဲဒီလိုစုပေါင်းပြီးလုပ်မှ သဘင်လောကတစ်ခုလုံး အောင်မြင်မှာ။ မတွေ့ဘဲနဲ့ ဒီတိုင်းပြောဆိုနေလို့ မဖြစ်နိုင်ဘူး”ဟု မြန်မာနိုင်ငံသဘင် အစည်းအရုံး ဗဟိုဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောကြားသည်။

ဇာတ်သဘင်နှင့်ပတ်သက်ပြီး အဆို၊ အက၊ အတီးသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ မီးအလင်းအမှောင်၊ လျှပ်စစ်၊ အသံ၊ အယ်လ်အီးဒီ၊ အထူးပြုလုပ်ချက် (Animation) စသည့် ပညာရပ်ဆိုင်ရာများ သင်ကြားနိုင်ရေး၊ လူစီးနှင့် ပစ္စည်းသယ်ယာဉ် သီးသန့်ဖြစ်စေရေး၊ ချေးငွေနှင့် အာမခံကိစ္စရပ်များစသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်သူများထံမှ သိရသည်။

ဧပြီလ ၂၆ ရက် (ယနေ့) တွင် ဆိုင်းပညာရှင်များနှင့် ထပ်မံတွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဇာတ်သဘင် တည်ထောင်ထားရှိသည့် ရန်ကုန်၊ ပခုက္ကူ၊ မကွေး၊ ချောက်၊ မော်လမြိုင်စသည့်မြို့များ၌လည်း ဆက်လက်တွေ့ဆုံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဗဟိုဥက္ကဋ္ဌ ဦးဖိုးချစ်က ထပ်မံပြောကြားသည်။ 

M-07

  • VIA