News

POST TYPE

NEWS

ရန်ကုန်ဆေးရုံကြီးက ခွေးရူးကာကွယ်ဆေးထိုးမှု အကြိမ်လျှော့ချ
26-Apr-2018

ရန်ကုန်၊ ဧပြီ ၂၅

ရန်ကုန်တိုင်းရှိ မြို့နယ်အသီးသီးမှ ခွေးကိုက်ခံလူနာများ လာရောက်ကုသမှု များပြားလာသဖြင့် ပုံမှန်အခမဲ့ထိုးပေးနေသော ခွေးရူးကာကွယ်ဆေးထိုးမှု အစီအစဉ်ကို သုံးကြိမ်မှ တစ်ကြိမ်သို့ လျှော့ချလိုက်ကြောင်း အဆိုပါဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောကြားသည်။

ခွေးကိုက်ခံရ၍ လာရောက်ပြသသူသည် ရန်ကုန်ဆေးရုံကြီး၏ ခွေးရူးကာကွယ်ဆေးကို ပထမတစ်ကြိမ်သာ ထိုးခွင့်ရမည်ဖြစ်ပြီး ကျန်နှစ်ကြိမ်ကို ဒေသန္တရဆေးခန်းများတွင် ဆက်ထိုးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါအစီအစဉ်မှာ ရန်ကုန်ဆေးရုံကြီးတွင် ခွေးကိုက်ခံရပြီး လာရောက်ပြသည့် လူနာများ များပြားနေခြင်းကြောင့် မြို့နယ် ဒေသန္တရကျန်းမာရေးဌာနထံ လွှဲပြောင်းကုသနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို ယခုလကုန်တွင် စတင်မည်ဖြစ်ကြောင်း ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

“ဆေးရုံကြီးက ပထမဆုံး တစ်ကြိမ်ပဲ ဆေးထိုးပေးတော့မယ်။ အဓိက ဒေသန္တရ ကျန်းမာရေးဌာနတွေမှာ ပြရမယ်။ တကယ်လို့ ဒေသန္တရမှာ ဆေးဝါးလိုအပ်ချက်ရှိရင် ဆရာဝန်လွှဲစာနဲ့ ဆေးရုံကြီး ဆက်ကုပေးမယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ခွေးကိုက်ခံရခြင်းကြောင့် ရန်ကုန်ဆေးရုံကြီးမှ ခွေးရူးကာကွယ်ဆေး ထိုးပေးထားသူ မတ်လမှ ဧပြီလ ၂၃ ရက်အထိ ၁၀၀ ကျော်ရှိပြီး ဒေသန္တရ ကျန်းမာရေးဌာနများတွင် ယခင်ထက် ဆေးဝါးများပိုမိုရရှိရန်လိုအပ်ကြောင်း ရန်ကုန်ဆေးရုံကြီး အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။

“ရန်ကုန်က လေလွင့်ခွေးပေါတော့ အန္တရာယ်များတယ်။ ခွေးနဲ့ကြောင်တွေကို ကာကွယ်ဆေး ကြိုတင်ထိုးပေးထားဖို့ လိုတယ်။ ခွေးရူးရောဂါက ကုသခက်ခဲတော့ လူ့အသက်အန္တရာယ်အတွက် မလွယ်ဘူး”ဟု ခွေးရူးရောဂါကုသရေး ဆရာဝန်တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင် မှတ်ပုံတင်ထားသည့် အိမ်မွေးခွေးမပါဘဲ မြို့နယ်အနှံ့တွင် ပြန့်ပွားလျက်ရှိသော လေလွင့်ခွေးကောင်ရေ တစ်သိန်းရှစ်သောင်းခန့် ကျက်စားနေထိုင်သည့်အတွက် ခွေးရူးရောဂါ ပျံ့နှံ့ကူးစက်မှုမှာ ယင်းလေလွင့်ခွေးများနှင့် ဆက်နွှယ်မှုရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ခွေးရူးရောဂါသည် ပူပြင်းသည့် ရာသီတွင် အဓိကဖြစ်ပွားလေ့ရှိပြီး တိရစ္ဆာန်မှလူသို့ တိုက်ရိုက်ကူးစက်တတ်သည့်အပြင် အိမ်မွေးကြောင်များ ခွေးကိုက်ခံရပါက သတိထားစောင့်ကြည့်ရန် လိုအပ်ကြောင်း ခွေးရူးရောဂါကူးစက်မှု လျော့ပါးရေးစီမံချက်တွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ဖူးသူအချို့က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ခွေးကိုက်ခံရမှုမှတစ်ဆင့် ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူ နှစ်စဉ် ၂၃,၀၀၀ နှင့် ၂၅,၀၀၀ ကြား ပုံမှန်ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။ 

J-17

  • VIA