News

POST TYPE

NEWS

ရန်ကုန်မြို့တွင်း မြို့နယ်၂၅ ခုကျော် ယနေ့အချိန်ပိုင်းမီးပြတ်မည်
26-Apr-2018

ရန်ကုန်၊ ဧပြီ ၂၅

ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ်ကောင်းမွန်စေရန် ဓာတ်အားလိုင်း ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် ယနေ့ (ဧပြီလ ၂၆ ရက်) တွင် မြို့နယ် ၂၅ ခုကျော် အချိန်ပိုင်း မီးပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။

အဆိုပါမြို့နယ်များရှိ ဓာတ်အားခွဲရုံများ စစ်ဆေးခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်ကြိုးနှင့် မလွတ်သောသစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် အချိန်ပိုင်း မီးပြတ်တောက်ခြင်းဖြစ်သည်။

“ရုံးပိတ်ရက်တွေမှာ လုပ်ငန်းတွေလုပ်ရင် အများအလုပ်နားရက်တွေမှာ မီးဖြတ်တော့ ထိခိုက်မှာစိုးလို့၊ အခုလို ကြားရက်တွေမှာလုပ်တာပါ”ဟု ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ လျှပ်စစ်အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

အချိန်ပိုင်း မီးပြတ်ရာတွင် သာကေတ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပမြို့နယ်များတွင် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ လည်းကောင်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ ထောက်ကြန့်၊ တိုက်ကြီး၊ ဥက္ကံ၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊ ထန်းတပင်၊ အဖျောက်၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လှိုင်၊ ကမာရွတ်၊ သင်္ဃန်းကျွန်း၊ ရန်ကင်းနှင့် သန်လျင်မြို့နယ်တွင် နံနက် ၉ နာရီမှ ၁၂ နာရီအတွင်းလည်းကောင်း၊ မရမ်းကုန်းနှင့် ဗဟန်းမြို့နယ်တွင် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိလည်းကောင်း အသီးသီး မီးပြတ်တောက်မည်ဖြစ်ကြောင်း အဆိုပါကော်ပိုရေးရှင်းထံမှ သိရသည်။

“ဒီရက်ပိုင်းမီးက မိုးရွာတာနဲ့ လေတိုက်တာနဲ့ ဆက်တိုက်လိုပြတ်နေတော့ စိတ်ပျက်တာကြာပါပြီ။ ဘယ်လောက်ပြင်ပြင် ခဏခဏမီးပြတ်နေတာပါပဲ”ဟု မြောက်ဥက္ကလာပမြို့နယ်နေ ဦးမျိုးသူက ဆိုသည်။

ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားစနစ်တွင် အမြင့်ဆုံးသုံးစွဲမှုမှာ တစ်နိုင်ငံလုံးတွင် ၃၁၀၀ မဂ္ဂါဝပ် နီးပါးထိရှိခဲ့ပြီး ရန်ကုန်တိုင်းသည် နိုင်ငံတော်ဓာတ်အားစနစ်၏ ၅၀ ရာခိုင်နှုန်းကျော်ကို အသုံးပြုလျက်ရှိသည်။


  • VIA