News

POST TYPE

NEWS

ဟင်္သာတတွင် လေပြင်းတိုက်၍ လူ ၁၅၀၀ ကျော် လေဘေးထပ်သင့်
26-Apr-2018
ဟင်္သာတ၊ ဧပြီ ၂၅

ဧရာဝတီတိုင်း ဟင်္သာတခရိုင်အတွင်းရှိ ဇလွန်၊ အင်္ဂပူနှင့် လေးမျက်နှာမြို့နယ်များတွင် ဧပြီ ၂၄ ရက် ညပိုင်းက လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် လူဦးရေ ၁၅၀၀ ကျော် လေဘေးသင့်ခဲ့ကြောင်း အဆိုပါ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇလွန်မြို့နယ် ကျေးရွာ ၁၇ ရွာတွင် နေထိုင်သည့် အိမ်ထောင်စု ၄၀၀ ကျော်မှ လူဦးရေ ၁၄၀၀ ကျော်၊ လေးမျက်နှာမြို့နယ် ကျေးရွာ ၂ ရွာတွင် နေထိုင်သည့် အိမ်ထောင်စု ၁၄ စုမှ လူဦးရေ ၆၀ နီးပါးနှင့် အင်္ဂပူမြို့နယ် ကျေးရွာ ၂ ရွာတွင် နေထိုင်သည့် အိမ်ထောင်စု ၈ စုမှ လူဦးရေ ၄၀ နီးပါးတို့အပြင် ဘုန်းကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၄ ကျောင်းတို့ လေပြင်းကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါမြို့နယ် ၃ မြို့နယ်မှ အိမ်ထောင်စု ၄၂၀ ကျော်မှ လူဦးရေ ၁၅၀၀ ကျော် လေဘေးဒဏ်သင့်ခဲ့ကြောင်း အဆိုပါရုံးများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထိုသို့လေဘေးသင့်သူများကို လိုအပ်သည့် ထောက်ပံ့မှုများကို အချိန်မီပေးအပ်နိုင်ရန် စီစဉ်ထားပြီး နေအိမ်တစ်လုံးချင်း၏ ပျက်စီးမှုအလိုက် ကျပ်တစ်သောင်းမှ ကျပ်တစ်သိန်းအထိ ထောက်ပံ့မည်ဖြစ်ကာ တစ်အိမ်လုံး ပြိုကျပျက်စီးပါက ဝါးအိမ်ပြိုကျလျှင် ကျပ်တစ်သိန်း၊ သစ်အိမ်ပြိုကျလျှင် ကျပ်နှစ်သိန်း ထောက်ပံ့မည်ဖြစ်သည့်အပြင် ကယ်ဆယ်ရေး ပစ္စည်း ၁၀ မျိုး မှ ၁၆ မျိုးအထိ ထောက်ပံ့ပေးခဲ့ကြောင်း ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားသည်။

ဟင်္သာတခရိုင်အတွင်းရှိ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ဟင်္သာတနှင့် ဇလွန်မြို့နယ်များ၌ ဧပြီ ၁၇ မှ ၂၄ ရက်နေ့ ညပိုင်းအထိ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးရွာသွန်းမှုများကြောင့် လူဦးရေ တစ်သောင်းနှစ်ထောင် နီးပါးအထိ လေဘေးသင့်ခဲ့ရသည်။ 

R-13


  • VIA