News

POST TYPE

NEWS

ကျောက်မဲတွင် တံတားနှစ်စင်း ဖျက်ဆီးခံရ၊ ဖျက်ဆီးသူများအဖြစ် TNLA နှင့် RCSS အပြန်အလှန်စွပ်စွဲ
ရန်ကုန်၊ ဧပြီ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တံတားနှစ်စင်း မီးရှို့ဖျက်ဆီးခံရမှုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖျက်ဆီးမှုအပေါ် တအာင်း ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့တို့ အပြန်အလှန်စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်။

ကျောက်မဲမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုရှိ ကျေးရွာချင်းဆက်လမ်းပေါ်တွင် တည်ရှိပြီး မိုင်းငေါ့ ချောင်းပေါ်ဖြတ်သန်းထားသည့် ပန်းကျိုင်း ကြိုးတံတားနှင့် သစ်သားတံတားတစ်စင်းတို့ ပြီးခဲ့သည့်ရက်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ပန်းကျိုင်းကြိုးတံတားကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) အဖွဲ့က ဧပြီလ ၂၃ ရက် ညပိုင်းက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း တအာင်း ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) ၏ တရားဝင်သတင်းနှင့် ပြန်ကြားရေးဌာနက စတင်၍ ထုတ်ပြန်စွပ်စွဲခဲ့သည်။

ထို့ပြင် အဆိုပါ ဒေသတစ်ဝိုက်တွင် TNLA နှင့် RCSS လက်နက်ကိုင်တပ်များ တိုက်ပွဲများဖြစ်ပွားခဲ့ကြပြီး တအာင်း ပလောင် ဒေသခံများ ဆက်သွယ်သွားလာမှု မပြုလုပ်နိုင်ရန် RCSS အဖွဲ့က ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သတ်၍ RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးထံ ဆက်သွယ်မေးမြန်းရာ ယင်းစွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး တံတားကို TNLA အဖွဲ့ကသာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ကျွန်တော်တို့ အဖွဲ့တွေ အဲဒီတံတားတွေဘက်ကိုတောင် မရောက်ခဲ့ပါဘူး။ သူတို့ဘာသာ ဖျက်ဆီးပြီးတော့ ကျွန်တော်တို့ လုပ်တယ်ဆိုပြီး စွပ်စွဲထားတာပါ။ ကျွန်တော်တို့ တပ်တွေရှိတဲ့ဘက်တွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်။ ပြီးတော့ တံတားကို ဖျက်ဆီးသွားတာပါ”ဟု ၎င်းက ပြောကြားသည်။

အဆိုပါ တံတားဖျက်ဆီးခံခဲ့ရမှုကြောင့် အဆိုပါ ကျေးရွာများတွင် သွားလာနေကြသည့် ဒေသခံများ သွားလာရခက်ခဲနေရပြီး အခြားလမ်းကြောင်းမှ ဖြတ်သန်းနေရကြောင်း ကျောက်မဲမြို့မှ ဇီဝိတ လူမှုကူညီရေးအဖွဲ့ အတွင်းရေးမှူး ကိုသားဇော်က ပြောဆိုသည်။

ကျောက်မဲမြို့နှင့် ၉ မိုင်ခန့်သာ ကွာဝေးသည့် ကွန်ကောက်ကျေးရွာအုပ်စုမှာ ကျောက်မဲမြို့နယ် မန်တုံမြို့နယ်နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်များနှင့် ဆက်စပ်နေသည့် ကျေးရွာအုပ်စုဖြစ်ပြီး ရှမ်းတိုင်းရင်းသား လီဆူတိုင်းရင်းသားများ ပလောင်တိုင်းရင်းသား အများစုနေထိုင်သည့်ရွာဖြစ်ပြီး မတ်လအတွင်းက TNLA နှင့် RCSS /SSAတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကွန်ကောက်ကျေးရွာအပါအဝင် ကျေးရွာများမှဒေသခံများမှာ နမ့်စန် (ရှမ်း) ရွာဘုန်းတော်ကြီးကျောင်းနှင့် ကျောက်မဲမြို့တွင် လာရောက်တိမ်းရှောင်နေခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ 

J-08၊ R-07