News

POST TYPE

NEWS

ထန်းပင်ခုတ်လှဲရောင်းချနေသော ဒေသများကို ကွင်းဆင်းစစ်ဆေးမည်
25-Apr-2018


မန္တလေး၊ ဧပြီ ၂၅

မန္တလေးတိုင်းလွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီက ကျောက်ပန်းတောင်း မြို့နယ်အတွင်း ထန်းပင်များ ခုတ်လှဲရောင်းချနေသောဒေသများသို့ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း ယင်းကော်မတီဥက္ကဋ္ဌ ဦးအေးခိုင်က ပြောကြားသည်။

လာမည့်မေလတွင် ကော်မတီ အစည်းအဝေး ခေါ်ယူကာ ထန်းပင်ကိစ္စများအပြင် အခြားသော မြေယာပြဿနာများ၊ ကျောက်ကွင်း၊ ရေထွက်ကိစ္စများကိုပါ ကွင်းဆင်းစစ်ဆေးမည်ဟု ၎င်းက ပြောဆိုသည်။

ထန်းပင်များ ခုတ်လှဲရောင်းချမှုကို သစ်တောဥပဒေအရ တားမြစ်၍မရသည့်အတွက် ဒေသန္တရ အမိန့်ထုတ်ပြန်တားမြစ်နိုင်ရန်လည်း မန္တလေးတိုင်းလွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီက မန္တလေးတိုင်းအစိုးရအဖွဲ့ထံ တင်ပြထားသည်။

ပုပ္ပား၊ ကျောက်ပန်းတောင်း၊ ပုဂံ၊ ညောင်ဦး အနီးတစ်ဝိုက်ရှိ ကျေးရွာများ၌ ထန်းပင်များ အများဆုံး ခုတ်လှဲရောင်းဝယ်နေပြီး ထန်းပင်တစ်ပင်လျှင် ကျပ် ၃၀၀၀ မှ ၁၀၀၀၀ ကျပ်ဝန်းကျင်အထိဖြင့် ဝယ်ယူနေကြောင်း ကျောက်ပန်းတောင်း ဒေသခံအချို့ထံမှ သိရသည်။

အညာဒေသ၏ ပြယုဂ်ဖြစ်ပြီး မြန်မာ့အလှသဘာဝ ထန်းပင်များ ပျက်သုဉ်းမည့် အန္တရာယ်မှကာကွယ်ရန် အားလုံးတွင်တာဝန်ရှိသည်ဟု အညာဒေသရှိ ထန်းတောများကို ကာကွယ်ပေးရန် ဖွဲ့စည်းထားသော တော်ဝင်ထန်းအဖွဲ့ဝင် ဦးမြတ်ကောင်းစံက ပြောကြားသည်။

“ထန်းပင်တွေကို ကာကွယ်ရာမှာ ထန်းပင်က ထုတ်လုပ်နိုင်တဲ့တန်ဖိုးမြင့် လက်မှုပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ လိုသလို ထန်းတောင်သူတွေရဲ့ဘဝကို မြှင့်တင်ပေးနိုင်ဖို့လည်း အဓိက ကျတယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ထန်းတော်ဝင် အဖွဲ့အစည်းအနေနှင့် ထန်းပင်များကို ခုတ်လှဲရောင်းဝယ်မှုများက ကာကွယ်ရန် ထန်းပင် ၃၅၀၀ ကိုဝယ်ယူ၍ ထန်းတက်တောင်သူများ၏ ဘဝကိုမြှင့်တင်ပေးနိုင်ရန် စီစဉ်လျက်ရှိသည်။

M-08