News

POST TYPE

NEWS

ဧရာဝတီတိုင်း စည်ပင်သာယာရေးညွှန်ကြားရေးမှူး အရေးယူခံရမှု ဘဏ္ဍာရေးစည်းကမ်းချိုးဖောက်မှု ပါဝင်ဟုဆို
ပုသိမ်၊ ဧပြီ ၂၄

ဧရာဝတီတိုင်း စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်ကို နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေဖြင့် ရာထူးအဆင့် လျှော့ချကာ အရေးယူဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ ဘဏ္ဍာရေးဆိုင်ရာသုံးစွဲမှု စည်းကမ်းချိုးဖောက်မှုလည်း ပါဝင်ကြောင်း ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။ 

အရေးယူရာတွင် ပုသိမ်မြို့ ကမ်းနားလမ်း ကုန်စည်ဒိုင်တည်ဆောက်ရာတွင် စည်ပင်သာယာအဖွဲ့၏ ရန်ပုံငွေကို သီးခြားဘဏ်စာရင်းဖွင့်ခြင်း၊ အစိုးရသစ်လက်ထက်တွင် ဆောင်ရွက်ရမည့် စီမံကိန်းဘတ်ဂျက်ငွေများကို ကြိုတင်ထုတ်ယူကာ အစိုးရဟောင်းလက်ထက်တွင် သုံးစွဲခဲ့ခြင်း၊ အစိုးရတားမြစ်သော အဆောက်အအုံကို ၎င်း၏သဘောဆန္ဒဖြင့် ခွင့်ပြုခဲ့ခြင်း၊ အစိုးရအဖွဲ့ကို မတင်ပြဘဲ ကိုယ်တိုင် ဥက္ကဋ္ဌနေရာယူ၍ လေလံလုပ်ငန်းများနှင့် ကတ္တရာဝယ်ယူခြင်းတို့ကို ဆောင်ရွက်ခြင်း၊ အစိုးရအဖွဲ့၏ လမ်းညွှန်ချက်မရှိဘဲ လက်အောက်ဝန်ထမ်းများကို နေရာပြောင်းရွှေ့ချထားခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

အရေးယူခံရသူ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ဧရာဝတီတိုင်း အစိုးရသို့ အငြိမ်းစားပင်စင်ဖြင့် နုတ်ထွက်ခွင့်ပေးရန် ဧပြီလ ၂၁ ရက်က တင်ပြခဲ့ကြောင်း၊ ယင်းတင်ပြချက်ကြောင့် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီးက ဆိုသည်။ 

ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ ဧပြီလ ၁၉ ရက်က ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးကို နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေနှင့် စည်းကမ်းများကို ချိုးဖောက်သည်ဟုဆိုကာ တိုင်းအဆင့် ညွှန်ကြားရေးမှူးရာထူးမှ ဖျာပုံမြို့သို့ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ရာထူးလျှော့ချ ပြောင်းရွှေ့ကာ အရေးယူခဲ့သည်။  

R-12