POST TYPE

NEWS

ဇနီးဖြစ်သူ၏ အသုဘအပြီး နောက်တစ်ရက်တွင် ဂျော့ဘွတ်ရှ် စီနီယာ ဆေးရုံတက်ရ
25-Apr-2018 tagged as



ဝါရှင်တန် ဧပြီ ၂၄

အမေရိကန် သမ္မတဟောင်း ဂျော့ဘွတ်ရှ်စီနီယာသည် ဇနီးဖြစ်သူ၏ အသုဘအပြီး နောက်တစ်ရက် တနင်္ဂနွေနေ့တွင် ဆေးရုံတက်ကုသခဲ့ရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အသက် ၉၃ နှစ်အရွယ် သမ္မတဟောင်းဘွတ်ရှ်သည် အဖျားရောဂါ ကူးစက်မှုကြောင့် တနင်္ဂနွေနေ့ နံနက်က ဟူစတန်ဆေးရုံသို့ တက်ရောက်ကာကုသမှုခံယူနေသည်ဟု မိသားစုပြောရေးဆိုခွင့်ရှိသူက ကြေညာချက်ထုတ်ပြန်သည်။

မက်ဆာချူးဆက်ပြည်နယ်ဇာတိ ဂျော့ဘွတ်ရှ် စီနီယာသည် ၁၉၈၉ မှ ၁၉၉၃ အထိ အမေရိကန်သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကွန်ဂရက်အမတ်၊ စီအိုင်အေညွှန်ကြားရေးမှူး၊ ရော်နယ်ရေဂင်၏ ဒုတိယသမ္မတ စသည့်တာဝန်များကိုလည်း အသီးသီးထမ်းဆောင်ခဲ့သူဖြစ်သည်။ 

သားဖြစ်သူဂျော့ဘွတ်ရှ် ဂျူနီယာကလည်း အလားတူသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

ခင်ပွန်းနှင့် သားဖြစ်သူတို့နှစ်ဦးစလုံး အမေရိကန်သမ္မတဖြစ်သည်ကို မြင်တွေ့ရသော တစ်ဦးတည်းသောအမျိုးသမီးဖြစ်သူ ဘာဘရာဘွတ်ရှ်သည် အင်္ဂါနေ့က ကွယ်လွန်ခဲ့ပြီး စနေနေ့က သူမကို မြေချခဲ့ကြသည်။

ဘွတ်ရှ်မောင်နှံ၏ အိမ်ထောင်သက်သည် ၇၃ နှစ် ရှည်ကြာခဲ့သည်။

ဂျော့ဘွတ်ရှ် စီနီယာသည် သွေးထဲသို့ ရောဂါပိုးကူးစက်မှုကြောင့် ဆေးရုံတက်ခဲ့ရခြင်းဖြစ်ပြီး နေပြန်ကောင်းလာသည့် လက္ခဏာရှိသည်ဟု မိသားစု ပြောရေးဆိုခွင့်ရှိသူ မက်ဂရက်သ်က twitter တွင် ပြောကြားထားသည်။

မစ္စတာဘွတ်ရှ်သည် ပါကင်ဆန်အာရုံကြောရောဂါ ပုံစံတစ်မျိုးကိုခံစားနေရပြီး လျှပ်စစ်ဝှီးချဲကိုအသုံးပြု၍ သွားလာနေရသူဖြစ်သည်။ ထို့ပြင် မကြာသေးမီနှစ်များအတွင်း အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများကြောင့် မကြာခဏ ဆေးရုံတက်ကုသခဲ့ရသည်ဟု သိရှိရသည်။

မစ္စတာဘွတ်ရှ်သည် သောကြာနေ့က ဘုရားကျောင်းတွင် ဇနီးမစ္စစ်ဘွတ်ရှ်အား နောက်ဆုံးလာရောက်ဂါရဝပြုသူများထဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သည်။

မစ္စတာဘွတ်ရှ်၏ နာတာရှည်အဆုတ်ပြွန်ရောင်ရမ်းမှု ရောဂါသည် အသက်ကြီးလာသည့်အချိန်တွင် ပိုမိုသိသာလာခဲ့ပြီး နမိုးနီးယားအဆုတ်အအေးမိရောဂါလက္ခ ဏာများကို ပိုဆိုးစေနိုင်သည်ဟု ၎င်း၏ ဆရာဝန်များက ပြောကြားထားသည်။ 

F-04

  • TAGS