News

POST TYPE

NEWS

ရန်ကုန်မျက်စိဆေးရုံကြီး တိုးချဲ့တည်ဆောက်မည်
ရန်ကုန်၊ ဧပြီ ၂၄

ခုတင် ၁၅၀ ဆံ့ ရန်ကုန်မျက်စိဆေးရုံကြီး၏ ဘေးနေရာဝန်းကျင်ကို မကြာမီကာလအတွင်း တိုးချဲ့တည်ဆောက်မည်ဖြစ်ကြောင်း ယင်းဆေးရုံကြီး၏ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာတင်ဝင်းက ပြောကြားသည်။

“ဆရာတို့ဆီမှာက ခုတင်ကို အသုံးပြုတာနည်းတယ်။ ခုတင်ကိုတော့ မတိုးချဲ့ဘူး။ Work Load က များနေတယ်။ ဘတ်ဂျက်တင်ထားပြီးပြီ။ ကျန်းမာရေးဝန်ကြီးကလည်း ခွင့်ပြုဖို့ အမိန့်ချထားပြီးပြီ။ ဘတ်ဂျက်လုပ်ထုံးလုပ်နည်းတွေကတော့ နည်းနည်းတော့ ကြာဦးမယ်ထင်တယ်။ အတိအကျတော့ မသိသေးဘူး”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါဆေးရုံကြီးတွင် အထူးကုဌာနပေါင်း ခုနစ်ဌာနဖြင့် ဆောင်ရွက်လျက်ရှိနေပြီး ယင်းဆေးရုံကြီးကို ၁၉၆၄ ခုနှစ်တွင် အလံပြဘုရားလမ်းတွင် စတင်ဖွင့်လှစ်ခဲ့ရာမှ ၁၉၉၃ ခုနှစ်၌ ယခုဖွင့်လှစ်ထားသည့်နေရာ နတ်မောက်လမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သော ခရိုင်ဆေးရုံတစ်ရုံလည်းဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်မျက်စိဆေးရုံကြီး၌ အတွင်းတိမ်လူနာ တစ်သောင်းနှစ်ထောင်ကို ခွဲစိတ်မှုပေးခဲ့ပြီး မြန်မာနိုင်ငံတွင် အတွင်းတိမ်၊ ရေတိမ်၊ မျက်ကြည်လွှာတွင်ဖြစ်သော ရောဂါများ၊ အမြင်အာရုံလွှာတွင်ဖြစ်သော ရောဂါများနှင့် ထိခိုက်ဒဏ်ရာကြောင့်ဖြစ်သော မျက်စိရောဂါများသည် အများဆုံးဖြစ်ကြောင်း ယင်းဆေးရုံ၏ သတင်းအချက်အလက်များအရ သိရသည်။ 

J-12