News

POST TYPE

NEWS

တိုရွန်တိုမြို့တွင် လမ်းသွားလမ်းလာများကို ဗင်ကားဖြင့်ဝင်တိုက်၊ လူ ၁၀ ဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရ
25-Apr-2018 tagged as



တိုရွန်တို၊ ဧပြီ ၂၄

ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် လူတစ်ဦးက ဗင်ကားတစ်စီးဖြင့် လမ်းသွားလမ်းလာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိသွားသည်ဟု ရဲတပ်ဖွဲ့ဝင်များက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဗင်ကားဖြင့် ဝင်တိုက်သည်ဟု သံသယရှိခြင်းခံရသူမှာ အလက်မင်နက်စ်တန် (၂၅ နှစ်) ဖြစ်ပြီး အခင်းဖြစ်ပွားပြီး အချိန်အနည်းငယ်အကြာတွင် ရဲတပ်ဖွဲ့ဝင်များက ၎င်းကို ဖမ်းမိလိုက်ကြောင်း ကနေဒါလုံခြုံရေးအာဏာပိုင်များက ပြောကြားသည်။ 

မျက်မြင်သက်သေများ ရိုက်ကူးခဲ့သော ဗီဒီယိုဖိုင်များတွင် ဗင်ကားမောင်းနှင်သူက ရဲအရာရှိများကို အရာဝတ္ထုတစ်ခုနှင့် ချိန်ရွယ်ပြီး အော်ဟစ်နေပုံများ ပါဝင်သည်။ “အဖမ်းခံလိုက်၊ အဖမ်းခံလိုက်ပါ” ဟု ရဲတပ်ဖွဲ့က ထိုသူကို လှမ်းအော်ပြောခဲ့သည်။ ထို့နောက် ၎င်းကို ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်မှုတစ်စုံတစ်ရာမပြုလုပ်ဘဲ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ 

တိုရွန်တိုမြို့ဒုတိယရဲချုပ် ပီတာယွန်က မျက်မြင်သက်သေများကို အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ခေါ်ယူမေးမြန်း ခဲ့သည်။ ဗင်ကားဖြင့် ဝင်တိုက်ခံခဲ့ရခြင်းကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့် ဆက်သွယ်နိုင်မည့် Hotline များလည်း ဖွင့်ခဲ့သည်။ 

တိုရွန်တိုရဲချုပ် မာ့ခ်ဆွန်ဒါးက အဆိုပါ ဖြစ်ရပ်သည် တမင်တကာလုပ်ဆောင်ခဲ့ပုံရကြောင်း၊ သို့သော် မည်သည့်ဦးတည်ချက်ဖြင့် လုပ်ဆောင်သည်ဟူသော အချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 

အခင်းဖြစ်ပွားခဲ့သည့်နေရာမှာ ယွန်ဂါလမ်းတွင်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသွားသူအများစုမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း အာဏာပိုင် များက ပြောကြားသည်။ 

ဧပြီလ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် အဆိုပါ ယွန်ဂါလမ်းနှင့် ဖင့်ခ်ျရိပ်သာလမ်းထောင့်တွင် ဗင်ကားက လမ်းဘေး၌သွားလာနေသူများကို ဝင်တိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ 

မျက်မြင်သက်သေတစ်ဦးက အဆိုပါ ဗင်ကား (အဖြူရောင်) မောင်းနှင်သူသည် လမ်းသွားလမ်းလာများရှိရာ ပလက်ဖောင်းပေါ်သို့ တက်မောင်းကာ တစ်ယောက် ပြီးတစ်ယောက် လိုက်လံတိုက်ပစ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားသည်။ 

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရောင်ဒူက အန္တရာယ်စတင် ဖြစ်လာချိန် တွင် နှောင့်နှေးမနေဘဲ တုံ့ပြန်သတိပေး အော်ဟစ်ခဲ့သူများကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။ 

“ကျွန်တော်တို့ နိုင်ငံ၊ လူ့အဖွဲ့ အစည်းထဲ၊ မြို့တွေထဲမှာ လမ်းလျှောက် တဲ့အခါ လုံလုံခြုံခြုံရှိတယ်လို့ ခံစားရဖို့လို တယ်။ အခုအဖြစ်အပျက်ကို ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေတယ်။ နောင် အလားတူဖြစ်ရပ်မျိုး ထပ်မံမပေါ်ပေါက်စေဖို့ လုံခြုံရေးအရာရှိတွေအားလုံး အသေအချာ ပြင်ဆင်သွားကြမှာပါ” ဟု ဝန်ကြီးချုပ်က ဆိုသည်။

F-01

  • TAGS