News

POST TYPE

NEWS

ကျိုက်ထီးရိုး ကေဘယ်လ်ကား ဆောက်လုပ်ထားသည့်ငွေ ပြန်လည်ရရှိရန် Sky Asia ကုမ္ပဏီကို တရားစွဲ
24-Apr-2018

မော်လမြိုင်၊ ဧပြီ ၂၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဆံတော်ရှင်တောင်တွင် ဆောက်လုပ်ထားသော ကေဘယ်လ်ကား ဆောက်လုပ်မှုစရိတ် သိန်း ၇ သောင်း ရရှိနိုင်ရန် ရတနာရွှေဆင်ကြီးကုမ္ပဏီက Sky Asia ကုမ္ပဏီကို တရားစွဲဆိုထားကြောင်း ရတနာရွှေဆင်ကြီး ကုမ္ပဏီမှ သိရသည်။

ကေဘယ်လ်ကား ဆောက်လုပ်မှုကို ကိုးရီးယားနှင့် မြန်မာပူးပေါင်းထားသည့် Sky Asia ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားပြီး ရတနာရွှေဆင်ကြီးကုမ္ပဏီကို တစ်ဆင့် လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီက ဆောက်လုပ်ပြီးစီးသော်လည်း ဆောက်လုပ်မှုစရိတ်များ ပြန်မရသဖြင့် Sky Asia ကုမ္ပဏီကို ရန်ကုန်တိုင်း တရားလွှတ်တော်တွင် တရားမမှုဖြင့်စွဲဆိုထားပြီး Sky Asia ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ကိုးရီးယားလူမျိုး မတ်စတာ ယိုစံဟကို ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် မရမ်းကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရတနာရွှေဆင်ကြီး ကုမ္ပဏီ၏ ဒါရိုက်တာ ဦးနောင်ရဲအောင်က ပြောသည်။

“မတ်စတာ ယိုစံဟက စာချုပ်မှာ လက်မှတ်ထိုးခဲ့တယ်၊ အဲဒီအတွက် ကျွန်တော်တို့ ယုံကြည်မှုနဲ့ ဘဏ်မှာ ငွေချေးခဲ့တယ်၊ ကျွန်တော်တို့ ယုံကြည်မှုကို အလွဲသုံးစား လုပ်တဲ့အတွက်ကြောင့် တရားစွဲခြင်းဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။ 

ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ပြည်နယ်အစိုးရထံ မတ်လ ၁၂ ရက်က တင်ပြခဲ့ရာ ပြည်နယ်အစိုးရက မတ်လ ၂၁ ရက်နေ့ပါ ရက်စွဲဖြင့် အကြောင်းပြန်ခဲ့ကြောင်း၊ အကြောင်းပြန်ကြားစာတွင် Sky Asia ထံမှ ရရန်ရှိသော ကြွေးမြီနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်ရန်သာဖြစ်ကြောင်း အကြောင်းပြန်သဖြင့် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ကျိုက်ထီးရိုး ကေဘယ်လ်ကား တည်ဆောက်ရာတွင် စုစုပေါင်းကုန်ကျငွေမှာ ကျပ်သိန်း တစ်သိန်းလေးသောင်းကျော် ကုန်ကျခဲ့ပြီး Sky Asia ကုမ္ပဏီသို့ တင်ပြခဲ့ရာ ၎င်းကုမ္ပဏီမှ မိမိတို့ ဆောက်လုပ်ရေးကုမ္ပဏီကို ငွေကျပ် သိန်းခြောက်သောင်းကျော်သာ ပေးချေခဲ့ပြီး ကျန်ရှိနေသေးသည့် ကျပ်သိန်းပေါင်း ၇ သောင်းကျော် ကျန်နေသေးကြောင်း ရတနာရွှေဆင်ကြီးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစောရွှေအောင်က ရှင်းပြသည်။

တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ Sky Asia ကုမ္ပဏီကို မေးမြန်းရာ တရားစွဲဆိုထားမှုကို မသိရှိသကဲ့သို့ အကြောင်းကြားမှုလည်း မရှိကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျိုက်ထီးရိုး ကေဘယ်လ်ကား စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် Sky Asia ကုမ္ပဏီမှ ခွင့်ပြုချက်ရရှိခဲ့ပြီး၊ ရတနာရွှေဆင်ကြီး ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်ခဲ့ရာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ 

R-21


  • VIA