News

POST TYPE

NEWS

ရန်ကုန်နှင့် ဒေသအချို့ မိုးထစ်ချုန်းရွာမည်
24-Apr-2018



ရန်ကုန်၊ ဧပြီ ၂၄


ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှ ရွေ့လျားလာမည့် လေပွေလှိုင်းများ၏အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နောက်ရက်အနည်းငယ်အတွင်း အချိန်အခါမဟုတ်မိုးရွာနိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။


ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ြပည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။


"ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ တိမ်စုဖွဲ့မှုတွေဖြစ်နေတယ်။ အဲဒီတိမ်စုဖွဲ့မှုတွေအားကောင်းပြီး အထက်ကို တက်လာနိုင်လို့ မြန်မာနိုင်ငံအလယ်ပိုင်းအထိ မိုးရနိုင်တယ်"ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။ 


အဆိုပါတိမ်စုဖွဲ့မှုနှင့် လေလှည့်ပတ်မှုများကြောင့် ဧပြီလ ၃၀ ရက်နေ့ဝန်းကျင်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာ နိုင်ဖွယ်ရှိသဖြင့် သတိထားစောင့်ကြည့်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 


ယင်းသို့လေပွေလှိုင်းများအရှိန်ကြောင့် ဒေသအလိုက်မိုးရွာနိုင်သည့်အပြင် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။


E-03