News

POST TYPE

NEWS

ပြည်နဝဒေးတံတားအောက် လူသတ်မှု ငါးနှစ်ပြည့်အထိမ်းအမှတ်ပွဲ ပြုလုပ်
24-Apr-2018 tagged as လူသတ်မှု ပြည်

ပြည်၊ ဧပြီ ၂၃

အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးသည့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့ နဝဒေးတံတားအောက် လုယက်သတ်ဖြတ်မှု ငါးနှစ်ပြည့်အထိမ်းအမှတ် ကျောက်အုတ်ခုံပြုလုပ်ခြင်းနှင့် ရေစက်ချ တရားနာပွဲကို ဧပြီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ၎င်း၏မိသားစုဝင်များအပါအဝင် ပြည်ဘာသာပေါင်းစုံ လူငယ်အဖွဲ့နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများထံမှ သိရသည်။

“အခုအချိန်ထိဖော်ထုတ်လို့ မရသေးဘူးဆိုတော့ စိတ်မကောင်းဘူးပေါ့။ ဒီနေ့ဆိုရင် ဘုန်းကြီးငါးပါးပင့်ပြီး အမျှဝေမယ်။ တစ်နှစ်တစ်ခါ ဒီလိုလုပ်နေရတာကိုလည်း စိတ်မကောင်းဘူး။ ကျွန်မတို့ မိသားစုကတော့ ဒီနေ့ဆိုရင် ဘယ်လိုမှ မေ့လို့ကိုမရဘူး”ဟု သေဆုံးသူ ကိုဇော်မင်းဦး၏အစ်မ မသီတာဦးက ပြောဆိုသည်။

အဆိုပါအခမ်းအနားကို ဧပြီလ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ရာ သဲသောင်ပြင်အနီး၊ ရှုခင်းသာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်တွင် သတ်ဖြတ်ခံခဲ့ရသည့် ကိုဇော်မင်းဦး အမှတ်တရ ကျောက်အုတ်ခုံပြုလုပ်ခြင်းနှင့် သံဃာတော်များကို ပင့်ဖိတ်ကာတရားနာ အမျှအတမ်းပေးဝေခြင်းတို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“အမှုကိုလည်း ပြန်လည်ပေါ်ပေါက်စေချင်တယ်။ ဒီလိုမျိုးအလားသဏ္ဌာန်တူတဲ့ အဖြစ်မျိုးထပ်မဖြစ်ဖို့ လူထုကို အသိပေးတယ်။ ပြည်မှာရှိတဲ့ လူတွေက ဖြစ်ခဲ့တဲ့အကြောင်းကို မမေ့သေးဘူး။ ဒီအမှုကို ပေါ်ပေါက်ဖို့အတွက် ပြင်းပြတဲ့ဆန္ဒရှိတယ်။ အမှုမှန်ပေါ်ပေါက်ဖို့လည်း ဆက်ပြီးကြိုးစားသွားမယ်”ဟု ပြည်မြို့ခံ ဦးသန့်စင်ထွန်းက ပြောဆိုသည်။

အဆိုပါ လူသတ်မှုဖြစ်ပွားစဉ်က အခင်းဖြစ်ရာနေရာအနီးတွင် တွေ့ရှိရသည့် မသင်္ကာသူ ပြည်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခ.လ.ရ (၇၅) မှ တပ်မတော်သားနှစ်ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပြီးနောက် တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးကြီးဝင်းဗိုလ်ရှိန်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဗိုလ်မှူးကြီးမြင့်အောင်တို့က အဆိုပါလူသတ်မှုတွင် မိမိတို့တပ်မတော်သားများနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်မြို့ နဝဒေးတံတားအောက် ဧရာဝတီမြစ်ကမ်းပါးသဲသောင်ပြင်တွင် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၃ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ချိန်းတွေ့နေသောစုံတွဲကို ပြစ်မှုကျူးလွန်သူသုံးဦးက အကြမ်းဖက်လုယက်၊ သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားချိန်နှင့် တစ်ဆက်တည်းအချိန်တွင် တံတားအလွန်သောင်ပြင် ကိုင်းတောထဲ၌ ရပ်ကွက်နေလူထုက ဝိုင်းဖမ်းခဲ့ရာ နှစ်ဦးကိုလက်ရဖမ်းဆီးခဲ့ပြီး တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ လွတ်မြောက်သွားသူနှင့် ဖမ်းဆီးရမိသူများမှာ ခလရ (၇၅) မှ တပ်မတော်သားများဖြစ်နေကြောင်း ပြည်မြို့ခံများက ယခင်အစိုးရ လက်ထက် သမ္မတဦးသိန်းစိန်ထံသို့ပေးပို့သော အမှုမှန်ပေါ်ပေါက်ရေးပန်ကြားစာတွင် ဖော်ပြပါရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

M-06