News

POST TYPE

NEWS

လှိုင်သာယာ အမှိုက်ပုံမီးလောင်မှု နှစ်ရက်ခန့်ဆက်ငြှိမ်းရနိုင်ဟု မီးသတ်ခန့်မှန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လေထုအရည်အသွေးတိုင်းတာမှု ယနေ့စမည်
24-Apr-2018


ရန်ကုန်၊ ဧပြီ ၂၃

ဧပြီလ ၂၁ ရက်နေ့ကတည်းက စတင်လောင်ကျွမ်းနေသော လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်အနီး အမှိုက်ပုံ မီးလောင်ကျွမ်းမှုကို မီးသတ်ဦးစီးဌာနက ကြိုးစားငြှိမ်းသတ်နေပြီး အနည်းဆုံး နောက် ၂ ရက်ခန့်အထိ ဆက်လက်ငြှိမ်းသတ်ရဖွယ်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွန်ကြားရေးမှူး ဦးဝင်းနိုင်က The Voice Daily သို့ အတည်ပြုပြောကြားသည်။

မီးလောင်ရာမှထွက်ရှိသော မီးခိုးငွေ့များကြောင့် လေလမ်းကြောင်းသင့်သည့် မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ ရွှေပြည်သာ၊ ရွှေပေါက်ကံ စသည့်မြို့နယ်များတွင် မီးခိုးညှော်နံ့များ ခံစားနေရပြီး မြို့တော်စည်ပင်က လေထုအရည်အသွေးတိုင်းတာမှုများကို ယနေ့စတင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောကြားသည်။

“မီးက လုံးဝမငြိမ်းသေးဘူး ငြှိမ်းနေကြတုန်းပဲ။ အောက်မှာ ဘယ်လောက်အထိ လောင်နေသလဲ မခန့်မှန်းနိုင်တော့ အချိန်ယူပြီး ငြှိမ်းရဖို့ရှိတယ်” ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွန်ကြားရေးမှူး ဦးဝင်းနိုင်ကဆိုသည်။

ထိန်ပင်အမှိုက်ပုံသည် ဧက ၁၅၀ ခန့်ရှိပြီး အသုံးပြုဧက ၇၀ ခန့်ရှိကြောင်း၊ အသုံးပြုဧက ၇၀ အနက်မှ သုံးပုံတစ်ပုံခန့် မီးလောင်နေခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့နှင့် စည်ပင်တာဝန်ရှိသူများထံမှ သိရှိရသည်။

သို့သော် မီးခိုးငွေ့ထွက်ရှိမှုမှာ နည်းလာနေပြီး ယခုထက် ဆိုးဆိုးဝါးဝါး ထပ်ထွက်လာရန် မရှိတော့ကြောင်း၊ မီးခိုးထွက်လာသည့်နေရာများကို လိုက်ငြှိမ်းနေကြောင်း ဦးဝင်းနိုင်က ရှင်းပြသည်။

“မီးကိုတော့ ထိန်းနိုင်သွားပြီ။ ဧက ၁၀၀ လောက်ရှိတဲ့ မြေပေါ်မှာ အမှိုက်တွေကပုံထားတော့ အမှိုက်တွေကပြန့်ပြီး တောက်လျှောက်လောင်နေတော့ ဒါကိုငြိမ်းသတ်ဖို့ အခက်အခဲရှိပါတယ်” ဟု မီးလောင်မှုကို ကွင်းဆင်းကူညီပေးနေသည့် လှိုင်သာယာမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ဆိုသည်။ 

ဧပြီလ ၂၂ ရက် မီးလောင်သည့်အား အလွန်များခဲ့ပြီး ယင်းနေ့ညအထိ မီးကို ထိန်းသိမ်းနိုင်ခြင်းမရှိသော်လည်း မီးသတ်၊ စည်ပင်တို့ပူးပေါင်း ညလုံးပေါက် ငြိမ်းသတ်ခဲ့သဖြင့် ဧပြီလ ၂၃ ရက်တွင် မီးထိန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကြောင့် အမှိုက်ပုံဧရိယာ အနီးပတ်ဝန်းကျင်နေ မွေးမြူရေးဇုန် ၅၊ ကံလှရွာ၊ ကျုံစုရွာနေ ပြည်သူများမှာ မီးခိုးငွေ့ဒဏ်နှင့် အမှိုက်ပုံမှထွက်ရှိသည့် အနံ့ဆိုးများကို ယခုချိန်ထိ အများဆုံးခံစားနေရသည်။

“နေ့ခင်းဘက်တောင် ကောင်းကင်ကြီးတစ်ခုလုံးက မှောင်မဲနေတာဘဲ။ မီးခိုးငွေ့တွေနဲ့ ညဘက်အိပ်ရမှာတောင် မူးမေ့သွားမှာစိုးလို့ ကြောက်လန့်ပြီး မအိပ်ရဲဘူး။ အဆိပ်တွေသာဖြစ်ရင်တော့ နောက်ပိုင်းဘာတွေဖြစ်မယ် တောင်မသိဘူး။ ဧပြီ ၂၃ ရက်အထိ သက်ဆိုင်ရာက Mask လာပေးတာတို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုံးဝမရှိသေးဘူး” ဟု လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံ အနီး၊ မွေးမြူရေး ဇုန် ၅ မှ ဒေါ်အေးမူက ဆိုသည်။

လက်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုတွင် လုပ်အားပေးနေသည့် ရွှေဥဒေါင်းပရဟိတအဖွဲ့အပါအဝင် အဖွဲ့ ၇ ဖွဲ့က အနီးနားနေသူများကို ရေသန့်ဗူးနှင့် အစားအသောက်များ၊ မျက်နှာဖုံး (Mask) များ လိုက်လံဝေးငှလျက်ရှိသည်။

အဆိုပါမီးခိုးငွေ့များသည် မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံစသည့် မြို့နယ်အချို့တို့ပါ မီးခိုးမွန်းကြပ်ခြင်းဒဏ်ကို ခံနေရကြောင်းနှင့် ရန်ကုန်မြို့နယ်အချို့တွင် စွန့်ပစ်အမှိုက်များမှ ပလတ်စတစ်အနံ့၊ ရာဘာညှော်နံ့များ ပျံ့နှံ့လျက်ရှိနေကာ ရွှေပြည်သာ၊ လှိုင်မြို့နယ်ရှိ နေရာအတော်များများတွင် ပြာမှုန်များ၊ မီးခိုးမှုန်များ ရူရှိုက်ခံစားနေရကြောင်း ယင်းမြို့နယ်နေထိုင်သူများထံမှ သိရသည်။

“မြောက်ဒဂုံမှာ မနေ့ကရော ဒီနေ့မနက်မှာပါ အရမ်းညှော်နံ့တွေရတယ်။ မီးခိုးတွေက လေကြောင်းသင့်တဲ့အချိန်ဆို ပိုဆိုးတယ်” ဟု ဒဂုံမြို့သစ် ၄၇ ရပ်ကွက် နေထိုင်သူတစ်ဦးကဆိုသည်။

မီးခိုးမှထွက်လာသော အမှုန်အမွှားများသည် အသက်ရှုလမ်းကြောင်းကို အန္တရာယ်ပေးနိုင်ခြင်းကြောင့် ဖြစ်နိုင်ပါက သတိပေးပြီး မျက်နှာဖုံးများ တပ်ထားသင့်ကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း နည်းပညာအကြံပေး ဒေါက်တာကျော်ငြိမ်းအေးက ဆိုသည်။

မီးလောင်ရာဝန်းကျင်ရှိ နေထိုင်သူများကို နောက်ဆက်တွဲအဖြစ် ကျန်းမာရေးစောင့်ရှောက်မှုများကို လှိုင်သာယာမြို့နယ်ဆရာဝန်ကြီးရယ်၊ ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူများ ဧပြီလ ၂၄ ရက်မှစ၍ ကွင်းဆင်းဆောင်ရွက်ရန်ရှိကြောင်း လှိုင်သာယာမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောကြားသည်။

အဆိုပါမီးလောင်ရာနေရာသို့ ဧပြီလ ၂၃ ရက်နံနက်က ရန်ကုန်မြို့တော် မြို့တော်ဝန်နှင့် စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာနတာဝန်ရှိသူများ၊ တိုင်းကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့သည့်အပြင် ညနေပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌနှင့် လွှတ်တော်ကိုယ်စားများ လာရောက်ကာ မီးငြိမ်းသတ်နေသူများအား လာရောက်အားပေးစကားပြောကြားခဲ့သည်။

“မြို့တော်ဝန်က မီးကိုတော့ နိုင်နိုင်နင်းနင်းငြိမ်းသတ်ဖို့နဲ့ အချိန်မရွေးလောင်နိုင်တဲ့အတွက် ရေကို များများဖြန်းထားရမယ်လို့ မြို့တော်ဝန်က ညွှန်ကြားခဲ့တယ်” ဟု ဦးမြတ်မင်းသူက ဆိုသည်။

အဆိုပါမီးလောင်မှုကို ငြိမ်းသတ်နေသည်မှာ သုံးရက်ကြာကာလသို့ရောက်ရှိနေပြီးဖြစ်ပြီး မီးသတ်အင်အား တိုးချထားကြောင်း၊ မီငြှိမ်းသတ်ရာတွင် ဧပြီလ ၂၃ ရက်က သန္တေမီးသတ် ၂၁၃ ဦး၊ အရံ မီးသတ် ၁၁၁ ဦး စုစုပေါင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀၀ ကျော်နှင့် မီးငြှိမ်းသတ်ယာဉ် ၁၆ စီး၊ ရေသယ်ယာဉ် ၁၄ စီးနှင့် အထောက်အကူပြုယာဉ် လေးစီးတို့ဖြင့် ငြိမ်းသတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လေထုအရည်အသွေး အခြေအနေကို ၂၀၁၅ - ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ - ၂၀၁၇ တွင် တစ်ကြိမ်နှင့် ၂၀၁၇ - ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ်တိုင်းတာခဲ့သော်လည်း အတိအကျသိရှိရန် နောက်ထပ် ၂ နှစ်ခန့် စောင့်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောဆိုထားသည်။

ရက်ပိုင်းအတွင်း ဖြစ်ပွားနေသော ထိန်ပင်သုသာန်မီးလောင်မှုဖြစ်စဉ်တွင်မူ “လေထုအရည်အသွေးတိုင်းတာတာတွေကို ကျွန်တော်တို့ မနက်ဖြန် ဧပြီလ ၂၄ ရက်နေ့စလုပ်မယ်။ တိုင်းတာပြီးတာနဲ့ ထုတ်ပြန်ပေးသွားမယ်” ဟု ဧပြီလ ၂၃ ရက်က ပြောဆိုသည်။

လေထုညစ်ညမ်းမှု ခန့်မှန်းချက်နှင့်ပတ်သက်၍ နိုင်ငံပေါင်း ၁၈၈ နိုင်ငံတွင် မြန်မာနိုင်ငံမှာ လေထုညစ်ညမ်းမှုအဆင့် ၁၇ နှစ်တွင်ရှိနေပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမှာ အဆင့် ၁၆ တွင် ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။

သက်သျှိုင်းသူ