News

POST TYPE

NEWS

ဒုရဲမှူး မိုးရန်နိုင်ကို မိသားစုနှင့် တွေ့ခွင့်ပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ပြည်ထဲရေးသို့စာပို့
23-Apr-2018

ရန်ကုန်၊ ဧပြီ ၂၃

နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် တရားစွဲခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည်ဟု ထွက်ဆိုခဲ့သည့် ဒုရဲမှူး မိုးရန်နိုင်ကို မိသားစုနှင့်တွေ့ဆုံခွင့် ရရှိရန်နှင့် အခြေခံလူ့အခွင့်အရေး ထိခိုက်နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

“ဒီနေ့ညနေ ပြည်ထဲရေးဝန်ကြီး ဌာနကို ပေးပို့သွားပါမယ်။ ရဲမှူးကို ဖမ်းဆီး ပြီးနောက် မိသားစုကို နေအိမ်က ဖယ်ရှား ခိုင်းတာ သတ်မှတ်ထားသည့် လုပ်ထုံး လုပ်နည်းအတိုင်း လုပ်ကြတဲ့အပေါ်ကို သုံးသပ်ချက် ပေးလို့ မရဘူး။ ဒါပေမဲ့ ဖမ်းဆီးတဲ့အချိန်မှာ ထောင်ထဲမှာ နှိပ်စက်ညှဉ်းပန်းမလုပ်ဖို့ကို လူတစ်ယောက် ရသင့် ရထိုက်တဲ့ အစာအာဟာရ၊ မိသားစုနဲ့ တွေ့ဆုံပေးဖို့ ၊ ခုခံလျှောက်လွှဲချက်ပေးဖို့ ရှေ့နေငှားရမ်းတာတွေကို ရရှိဖို့ကို မေတ္တာရပ်ခံစာ ပေးပို့မယ်”ဟု ၎င်းကဆိုသည်။

တရားရုံးကို ရောက်ရှိနေသည့်အမှုများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရန် စည်းကမ်းချက်များ ရှိသော်လည်း ဖမ်းဆီးထားချိန်တွင် မိသားစုနှင့် တွေ့ဆုံခွင့်အပြင် အခြားသော အခွင့်အရေးများကို ဆောင်ရွက်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားရန် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချလိုက်ကြောင်း ၎င်းက ပြောကြားသည်။

ထိုပြင် မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက ဧပြီလ၂၃ ရက်တွင် ကော်မရှင်ထံသို့ ရိုက်တာသတင်းထောက် ကိုဝလုံး၊ ကျော်စိုးဦးတို့နှင့် ဒုတိယရဲမှူး မိုးရန်နိုင်တို့ကို ဖမ်းဆီးထားသည့် အမှုဖြစ်စဉ်တွင် ဒုတိယရဲမှူးနှင့် ၎င်းတို့ မိသားစုဝင်များ လူ့အခွင့်အရေး ထိခိုက်နစ်နာမှု မရှိစေရေး ဆောင်ရွက်ပေးရန် တိုင်ကြားခဲ့သည်။

အဆိုပါတိုင်ကြားချက်ကို နံနက် ၁၀ နာရီတွင် ကော်မရှင်အဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဒုရဲမှူး မိုးရန်နိုင်သည် ဧပြီလ ၂၀ ရက်က မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းခရိုင် တရားရုံးတွင် ရိုက်တာသတင်းထောက် နှစ်ဦးမှာ ထောင်ချောက်ဆင် ဖမ်းဆီးခံရကြောင်း ထွက်ဆိုခဲ့သည်။

ထို့အပြင် အထက်အရာရှိ စေခိုင်းချက်အရ လုံခြုံရေး စာရွက်စာတမ်းများပေး၍ ဖမ်းဆီးခိုင်းခဲ့ကြောင်း ရုံးတော်ရှေ့တွင်ထွက်ဆိုခဲ့ပြီး နောက်ရက်တွင် မိသားစုဝင်များကို နေအိမ်လိုင်းခန်းမှ ဖယ်ရှားခံရခြင်းဖြစ်သည်။

မိသားစုဖြင့် လေးလအကြာထိ တွေ့ဆုံခွင့်မရခဲ့ကြောင်း ဇနီးဖြစ်သူက မီဒီယာများကို ဖြေကြားခဲ့သည်။

J-18