News

POST TYPE

NEWS

တပ်မတော် မော်တော်ယာဉ်တပ်ရင်းနေရာဟောင်း၌ Mytel ရုံးချုပ်ဖွင့်
23-Apr-2018 tagged as တပ်မတော်


ရန်ကုန်၊ ဧပြီ ၂၃

ဒဂုံမြို့နယ် အလံပြဘုရားလမ်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အနီးရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နှင့် အမှတ် (၁) မော်တော်ယာဉ်တပ်ရင်း နေရာဟောင်း၌ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ Mytel ၏ ရုံးချုပ်ဖွင့်လှစ်ထားကြောင်း အဆိုပါ အော်ပရေတာထံမှ သိရသည်။

ယခု Mytel ရုံးချုပ်မြေနေရာသည် ကာကွယ်ရေးဝန်ကြီးဌာနပိုင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်နှင့် အမှတ် (၁) မော်တော်ယာဉ်တပ်ရင်း နေရာဟောင်းဖြစ်ပြီး မြန်မာကုမ္ပဏီ သုခရတနာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု Marga LandMark ကုမ္ပဏီတို့ပူးပေါင်း၍ အဆင့်မြင့်အိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရန် လုပ်ဆောင်စီစဉ်ခဲ့ကာ ပြည်သူလူထု၏ ကန့်ကွက်မှုများကြောင့် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့က ရွှေတိဂုံစေတီတော် အပါအဝင် ရှေးဟောင်း အမွေအနှစ်များ မထိခိုက်စေရန်အတွက် ရပ်ဆိုင်းထားခဲ့သည့် မြေနေရာဖြစ်သည်။

ယင်းမြေနေရာကို MyTel ၏ ရုံးချုပ်အဖြစ် ယခင်ကတည်းက သတ်မှတ်ထားခြင်းဖြစ်ပြီး အခြား အဆောက်အအုံအသစ်များ ထပ်မံ ဆောက်လုပ်မည်မဟုတ်ဘဲ ဒဂုံစီးတီးစီမံကိန်း တည်ဆောက်ရန် လုပ်ဆောင်စဉ်က တည်ဆောက်ထားခဲ့သော အရောင်းပြခန်းကိုသာ ရုံးချုပ်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း Mytel ၏ ပြန်ကြားရေးမန်နေဂျာ ဒေါ်ထက်ထက်ဝင့်လွင်က ပြောကြားသည်။

“ကျွန်မတို့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေမှာလည်း Mytel ရုံးတွေ ဖွင့်လှစ်ထားပါတယ်။ ရန်ကုန်မှာလည်း ရန်ကုန်ရုံး ရှိပါသေးတယ်။ ဒီနေရာက Mytel Headquarter (ရုံးချုပ်) သဘောမျိုး လုပ်ထားတာပါ”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

အဆိုပါ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ Mytel ကို ဗီယက်နမ် အစိုးရပိုင် Viettel ကုမ္ပဏီ၊ ပြည်တွင်း ကုမ္ပဏီများနှင့် ဖွဲ့စည်းထားသော MNTH အများပိုင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် Star High ကုမ္ပဏီက အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားပြီး ပြည်တွင်းဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်သည်။

MyTel က လက်ရှိအချိန်တွင် နေပြည်တော်၊ ပဲခူးတိုင်း အရှေ့ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ စတင်ပေးနေပြီဖြစ်ပြီး ကျန်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ မကြာမီ ကာလအတွင်း ဝန်ဆောင်မှုပေးနိုင်ရန် လုပ်ဆောင်လျက် ရှိသည်။

J-01