POST TYPE

NEWS

အရက်မူးပြီး သားအရင်းကို ဓားဖြင့်ခုတ်သည့်ဖခင် မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်
23-Apr-2018 tagged as ရန်ကုန်

ရန်ကုန်၊ ဧပြီ ၂၃

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ တွံတေးမြို့နယ်၊ ရေဝက်ချောင်းကျေးရွာတွင် ဧပြီလ ၂၂ ရက် ညပိုင်းက အရက်မူးပြီး သားအရင်းကို ဓားဖြင့်ခုတ်သည့် ဖခင်ဖြစ်သူသည် မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကြိုးဆွဲချ သေဆုံးသူ အသက် ၃၇ နှစ် ဝင်းနိုင်မှာ ယင်းနေ့ ည ၉ နာရီက အရက်မူးပြီး နေအိမ်ပြန်လာ၍ ၎င်းကြည့်ချင်သည့် တီဗီလိုင်းကို ပြောင်းရာမှာ အသက် ၁၅ နှစ်အရွယ်ရှိ သားဖြစ်သူနှင့် စကားများခဲ့ကြောင်း၊ ယင်းနောက် ၎င်းက မြက်ခုတ်ဓားဖြင့် သားဖြစ်သူ၏ဦးခေါင်းကို ခုတ်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

“ဓားနဲ့ခုတ်တော့ မိသားစုဝင်တွေလည်း ကြောက်လန့်ပြီး အိမ်ပေါ်က ဆင်းပြေး ကြတာပေါ့နော်။ ခဏနေ အိမ်ဘက်ပြန်လာကြည့်တော့ ကိုဝင်းနိုင်က နေအိမ်ထုပ်တန်းမှာ ပုခက်ကြိုးနဲ့ ကြိုးဆွဲချပြီး သေဆုံးနေတာတွေ့ခဲ့လို့ ရွာလူကြီးက ရဲတပ်ဖွဲ့ထံ လှမ်းဆက်သွယ်အကြောင်းကြားခဲ့တယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

ဓားဖြင့်ခုတ်ခံရသည့် သားဖြစ်သူမှာ တွံတေးဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိပြီး အဆိုပါ အမှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03