News

POST TYPE

NEWS

တနိုင်းမြို့ရောက် အောင်လောဒ့်ရွာဒေသခံ နှစ်ရာကျော် နေရပ်မပြန်နိုင်သေး
23-Apr-2018

မြစ်ကြီးနား၊ ဧပြီ ၂၃

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ကက်သလစ်ဘုရားကျောင်းဝင်း၌ ဧပြီလ ၁၁ ရက်နေ့က ပြုလုပ်သည့် သာသနာပြု နှစ် ၅၀ ပြည့် ရွှေရတု အထိမ်းအမှတ်ပွဲသို့ လာရောက်သည့် အောင်လောဒ့်ကျေးရွာ ဒေသခံ ၂၁၈ ဦးမှာ မိမိနေရပ်သို့ မပြန်နိုင်သေးကြောင်း ယင်းကိစ္စကူညီဆောင်ရွက်သူများထံမှ သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တပ်မတော်က အောင်လော့ဒ်ကျေးရွာသားများ မိမိနေရပ်သို့ ပြန်လည်နေနိုင်ပြီဟုဆိုထားသော်လည်း ဒေသအခြေအနေကို စိတ်မချရသေးသည့်အတွက် ကျေးရွာဒေသခံများအနေနှင့် နေရပ်သို့မပြန်ရဲသေးဘဲ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း တနိုင်းမြို့ ကက်သလစ်အသင်းတော်မှ ဆရာဦးနော်တောင်က ပြောကြားသည်။

“ကျွန်တော်တို့ အသင်းတော်အနေနဲ့တော့ ပြန်ပါလို့လည်း မပြောဘူး။ ပြန်ဖို့ကတော့ ကာယကံရှင်တို့ရဲ့သဘောပဲလေ။ အခက်အခဲကတော့ ပွဲလာတယ်ဆိုတော့ အဝတ်အစားလည်း များများမပါဘူးပေါ့”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဒေသခံများ ရောက်ရှိနေသည်မှာ ၁၀ ရက်ကျော်ကြာမြင့်နေပြီး ၎င်းတို့ နေထိုင်ရေးအတွက် ကက်သလစ် ဘုရားကျောင်းဝင်းအတွင်း၌ ယာယီမိုး ကာတဲထိုး၍ နေရာချထားပေးကာ စားနပ်ရိက္ခာကို အသင်းတော်မှ တတ်နိုင်သလောက် ပါဝင်ကူညီပေးနေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရှိရသည်။

လက်ရှိ တနိုင်းဒေသအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိမ်းရှောင်နေရဆဲဖြစ်သည့် ဒေသခံများကို ကူညီပေးရန် တနိုင်းမြို့၊ ခရစ်ယာန်ဘာသာရေးအဖွဲ့ခေါင်းဆောင် အသီးသီးကလည်း ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စာတင်တောင်းခံမှုများရှိခဲ့သည်။ 

R-06