News

POST TYPE

NEWS

ဆီးရီးယား ဓာတ်ငွေ့တိုက်ခိုက်မှု ဖြစ်ပွားသောနေရာမှနမူနာများကို ကျွမ်းကျင်စစ်ဆေးသူများစုဆောင်း
23-Apr-2018



ဒမတ်စကတ်၊ ဧပြီ ၂၂

နိုင်ငံတကာဓာတုလက်နက် တား မြစ်ရေးအဖွဲ့ OPCW မှ စုံစမ်းစစ်ဆေးရေးမှူးများသည် ဆီးရီးယားတွင် လွန်ခဲ့သောနှစ်ပတ်က ဓာတ်ငွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု သံသယရှိသောနေရာမှ နမူနာများကို စနေနေ့က စုဆောင်းခဲ့ကြသည်ဟု AFP သတင်းတွင်ဖော်ပြသည်။

ဧပြီ ၇ ရက်က ဒူးမာမြို့တွင် ဓာတုအဆိပ်လက်နက်ဖြင့် တိုက်ခိုက်ခံရမှု ပုံရိပ်များသည် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပြီး ဆီးရီးယားစစ်ဘက်အပေါ်အနောက် အုပ်စု၏မကြုံစဖူး ထိုးနှက်မှုများဖြစ်ပေါ်လာခဲ့သည်။

အနောက်အုပ်စု၏ ပူးတွဲဒုံးကျည်တိုက်ခိုက်မှုများအပြီး နာရီပိုင်းအတွင်း တိုင်ကြားမှုများကို စစ်ဆေးရန် OPCW  မှ ကျွမ်းကျင်အဖွဲ့ရောက်ရှိခဲ့သော်လည်း ဓာတုလက်နက်တိုက်ခိုက်မှုအပြီး သူပုန်များလက်မှ ဆီးရီးယား-ရုရှား ပူးပေါင်းအဖွဲ့လက်သို့ ကျရောက်သွားခဲ့သော ဒိုမာမြို့ထဲသို့ ဝင်ရောက်ခွင့်မရခဲ့ကြပေ။

ကုလလုံခြုံရေးအဖွဲ့သည် ဘေးကင်းမှုအခြေအနေ စစ်ဆေးရန်အင်္ဂါနေ့က ဒိုမာသို့ ဝင်ရောက်ခဲ့သော်လည်း ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများကြောင့် ပြန်ဆုတ်လာခဲ့ရသည်။

စုံစမ်းစစ်ဆေးသူများသည် စနေနေ့ကျမှ အထောက်အထားနမူနာများကို ပထမဆုံးအကြိမ် စတင်ကောက်ယူနိုင်ခဲ့သည်ဟု OPCW က ပြောကြားသည်။

စုဆောင်းရရှိသော အထောက်အထားများကို ရစ်စဝစ်ရှိ OPCW ဓာတ်ခွဲခန်းသို့ ဦးစွာပို့ဆောင်ပြီးနောက် ပိုင်းခြားဆန်းစစ်ရန်အတွက် သီးသန့်ဓာတ်ခွဲခန်းများသို့ ဖြန့်ဝေပို့ဆောင်မည်ဟု OPCW က ပြောကြားသည်။

OPCW အနေနှင့် တရားမျှတသော စုံစမ်းစစ်ဆေးမှု ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ရုရှားနိုင်ငံခြားရေးဌာနက အစောပိုင်းက ကြေညာချက်ထုတ်ပြန်သည်။

အာဆတ်အစိုးရကလည်း ဓာတု အဆိပ်သုံးစွဲခြင်းမရှိဟု အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး အနောက်အုပ်စုက ဆီးရီးယားကို ဗုံးကြဲရန် အကြောင်းပြချက်တစ်ခု တည်ဆောက်နေခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။


F-04